မြစ်ကြီးနား – ပူတာအိုလမ်းပိတ်နေသည်မှာ ရက်ပေါင်း ၂၀ ကျော်ကြာမြင့်လာပြီးနောက် ပူတာအိုခရိုင်အတွင်း စက်သုံးဆီ ပြတ်လပ်နေပြီဖြစ်ကြောင်း သိရသည်။

ဆီပြတ်လပ်နေသောကြောင့် ပူတာအိုမြို့ပေါ်ရှိ စက်သုံးဆီဆိုင်အချို့ ပိတ်ထားရပြီး အချို့ဆိုင်များမှာအကန့်အသတ်ဖြင့် ရောင်းချနေပေးနေသည်ဟု အသက် ၂၇ နှစ်ခန့်အရွယ်ရှိ လုံးစွတ်ဒေသခံ အမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“တိုင်းကျော်က ဓါတ်ဆီတောင်မရတော့ဘူး။ ဒီဇယ်က ကားမှာတော့နှစ်သောင်းဖိုးထည့်ပေးတယ်ဆိုပြီး ရေးထားတယ်။ ရွှေပိုးဝါမှာက ရှိတော့ရှိတယ် အများကြီးမရောင်းပေးတာ နေ့လယ်လောက်ဆိုပိတ်ပြီ။ တချို့ဆိုင်တွေကတော့ ဆီရှိတော့ရှိတယ် ဒါပေမဲ့ဈေးကစားချင်လို့ မရောင်းတာဖြစ်နိုင်တယ်။  လမ်းပိတ်တာ တစ်လတောင်မရှိသေးတာ ပူတာအိုမှာရှိတဲ့ ဆီဆိုင်အကုန်လုံးမှာ ဆီပြတ်သွားတယ်ဆိုတာ မဖြစ်နိုင်ဘူး” ဟုပြောသည်။

ဓာတ်ဆီ ဘီယာပုလင်းကြီးတစ်လုံးလျင် ငါးထောင်ကျပ်နှင့် ဒီဇယ်တစ်ဂါလံလျင် သုံးသောင်းကျပ်ခန့်ဖြင့် ရောင်းချပေးနေကြောင်း သိရသည်။

စက်သုံးဆီပြတ်လပ်နေသောကြောင့် မြို့အတွင်း ကား၊ ဆိုင်ကယ်အသုံးပြုသူ လျော့နည်းသွားကြောင်း လေယာဉ်ကွင်းရပ်ကွက်နေအမျိုးသမီးတစ်ဦးက ပြောသည်။

“ဆီတွေပြတ်သွားလို့ ကား၊ ဆိုင်ကယ်စီးတဲ့သူတွေ သိသိသာသာကြီးလျော့သွားပြီ။ ဆိုင်ကယ်သွားတဲ့ အသံတွေလည်း ဒီတစ်ပါတ်အတွင်းတော့ သိသိသာသာလျော့သွားတယ်။ ကျွန်မလည်း ဆိုင်ကယ် မစီးတော့ဘူး ဘယ်သွားသွား ခြေလျင်နဲ့သွားတာ အိမ်နဲ့ဝေးတဲ့ နေရာတွေလည်း မသွားတော့ဘူး” ဟုပြောသည်။

မြစ်ကြီးနား – ပူတာအိုလမ်းတွင် တိုက်ပွဲပြင်းထန်နေသဖြင့် ကားလမ်းပိတ်နေပြီး ရန်ကုန်မှတက်လာသော ဆီတင်ကားများလည်း မြစ်ကြီးနားတွင် ပိတ်မိနေသောကြောင့် ဆီပြတ်လပ်ခြင်းဖြစ်သည်ဟု လုံးစွတ်ရပ်ကွက်ရှိ Petro7 ဆီဆိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ကျွန်တော်တို့ဆိုင် ဓာတ်ဆီကုန်ခါနီးမှ လမ်းကရုတ်တရက်ပိတ်သွားတာလေး။ ဓာတ်ဆီကတော့ ကုန်တာ တစ်ပတ်ကျော်လောက်ရှိပြီ။ အခုတော့ လမ်းမဖွင့်မချင်း ဆီမရနိုင်တော့ဘူး။ ဆီကားတွေ မြစ်ကြီးနားမှာတော့ ရောက်နေပြီ လမ်းဖွင့်တာနဲ့ တက်လာဖို့တော့ အဆင်သင့်ပဲ။ ဒီတစ်ခေါက်က ဆီဆိုင်တော်တော်များများက ဆီမရောက်သေးခင်မှာ ပိတ်မိသွားတာ။ ဆီရောက်တာက သုံးဆိုင်လောက်ပဲရှိမယ်ထင်တယ်” ဟုပြောသည်။

ပူတာအိုဒေသတွင် ဧပြီလမှစတင်ကာ လယ်ယာလုပ်ငန်း စတင်လုပ်ကိုင်လေ့ရှိသော်လည်း ယခုလတွင် စားသောက်ကုန်နှင့် စက်သုံးဆီပြတ်လပ်မှုများကြုံနေရသောကြောင့် လယ်ယာလုပ်ငန်း မလုပ်ကိုင်နိုင်မည်ကို ဒေသခံများစိုးရိမ်နေကြသည်။

ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ မြစ်ကြီးနား – ပူတာအိုလမ်းရှိ ဆွမ်ပရာဘွမ်မြို့နယ်တွင် တိုက်ပွဲစတင်ဖြစ်ပွားခဲ့သည့် မတ်လ ၉ ရက်နေ့မှစတင်ကာ ယနေ့အထိ လမ်းပိတ်နေခြင်းဖြစ်သည်။

ပူတာအိုမြို့နယ်ရှိ နောင်ခိုင်စက်လှေဆိပ်ကိုလည်း ခေါင်းလန်ဖူးဌာနေပြည်သူ့စစ် တပ်ဖွဲ့ဝင်များက မတ်လ ၈ ရက်နေ့မှစတင်ကာ အတက်အဆင်းအားလုံးပိတ်ထားကြောင်း သိရသည်။

သတင်း – May

သင့်ထင်မြင်ချက်ရေးပေးပါ