ဖားကန့်မြို့၊ မရှီကထောင်ကြိုးတံတားအနီး လွန်ခဲ့သောနှစ်ရက်၊ ညနေ ၆ နာရီခန့်က သတ်ဖြတ်ခံထားရသည့် အမျိုးသားတစ်ဦး၏ ရုပ်အလောင်းတွေ့ရှိခဲ့ကြောင်း သိရသည်။

တံတားထိပ်ရှိ အမှိုက်ပုံတွင် မိုးကာအစိမ်းဖြင့် ထုတ်ပိုးထားသည့် ရုပ်အလောင်းကို တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု အသက် ၃၅ နှစ်ခန့်အရွယ် ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။

“အဲ့ဒီအမှိုက်ပုံမှာက ခဏခဏရှိနေပြီ လူသေအလောင်းတွေတွေ့ရတယ်။ တွေ့လိုက်တိုင်းလည်း အသတ်ခံထားရတာတွေပဲ။ လူတွေဝိုင်းအုံနေကြလို့ သွားကြည့်တာ ပုပ်စော် တော်တော်လေး နံထောင်းနေပြီ။ အလောင်းကိုက သေချာကိုထုပ်ပိုးထားပြီး လာပစ်သွားတယ်” ဟုပြောသည်။

အသတ်ခံထားရသူမှာ လည်ပင်းပြတ်ရှဒဏ်ရာနှင့် မျက်နှာတွင် ဓားဒဏ်ရာများတွေ့ရှိခဲ့ကြောင်း ငှက်ပျောတော ရပ်ကွက်နေ ကျောက်အရောင်းအဝယ်ပြုလုပ်သူတစ်ဦးက ပြောသည်။

“မျက်နှာက မှတ်တောင်မမှတ်မိတော့ဘူး ဓားတွေနဲ့မွှန်းထားတာလေး။ လည်ပင်းဆိုလည်း ပြတ်တော့မယ်။ ရက်စက်တယ် သတ်ထားပေးတာက။ အလောင်းကို လာသယ်သွားကြပြီ” ဟုပြောသည်။

ဆိပ်မူအုပ်စု၊ ဆန်းကြွယ်ကျေးရွာတွင်လည်း ပြီးခဲ့သည့် မတ်လ ၂၅ ရက်နေ့က လက်ကိုကြိုးတုတ်ကာ သေနတ်ဖြင့် ပစ်သတ်ခံထားရသည့် အမျိုးသားတစ်ဦး ရုပ်အလောင်းတွေ့ရှိခဲ့သည်။

ဖားကန့်မြို့နယ်တွင် စစ်တပ်အာဏာသိမ်းပြီးမှု ခိုးဆိုးလုယက်မှုနှင့် လူသတ်မှုများ မကြာခဏ ဖြစ်ပေါ်လျက်ရှိပြီး The 74 Media က စုစည်းထားသော အချက်အလက်များအရ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်အတွင်း လက်သည်မပေါ်ဘဲ သတ်ဖြတ်ခံရမှု၊ ဖမ်းဆီးခံရပြီးနောက် သေဆုံးနေသည့် ရုပ်အလောင်းတွေရှိမှုနှင့် စကားများရန်ဖြစ်ရာမှ သတ်ခံရမူတို့ကြောင့် သေဆုံးသူ ၆၅ ဦး ထက်မနည်းရှိခဲ့ပြီး မြေပြင်တွင် ယခုထက်ပိုများနိုင်သည်။

သတင်း – Pe Ti

သင့်ထင်မြင်ချက်ရေးပေးပါ