လုံခြုံရေးအခြေအနေကြောင့် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်မရခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများကို လာမည့် ဧပြီလ ၂၉ ရက်နေ့မှစတင်ကာ ပြန်လည်ဖြေဆိုခွင့်ပြုသွားမည်ဖြစ်ကြောင်း စစ်ကောင်စီပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့သည်။

တိုက်ပွဲများကြောင့် ၂၀၂၃ – ၂၀၂၄ ပညာသင်နှစ်အတွက် စာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းထားပြီး မဖြေလိုက်ရသူများကို သက်ဆိုင်ရာ ပြည်နယ်နှင့်တိုင်းအတွင်းရှိ သတ်မှတ်ထားသည့် စာစစ်ဌာနများတွင် စုစည်းခေါ်ယူပြီး ပြန်လည်ဖြေဆိုခွင့်ပြုသွားမည်ဖြစ်ကြောင်းဖော်ပြထားသည်။

 

ကချင်ပြည်နယ်အတွင်း ပြန်လည်ဖြေဆိုမည့်သူများအနေဖြင့် မြစ်ကြီးနားမြို့ရှိ အ.ထ.က (၉) ကျောင်းတွင် ဖြေဆိုရမည်ဖြစ်ကြောင်း သိရသည်။

 

တိုက်ပွဲပြင်းထန်နေသည့် ရခိုင်ပြည်နယ် စစ်တွေမြို့နှင့် ချင်းပြည်နယ် တီးတိန်မြို့အပါအဝင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မြို့နယ် ၂၄ မြို့နယ်တွင် စာစစ်ဌာန ၂၇ ခုဖွဲ့စည်းကာ ပြန်လည်ဖြေဆိုသွားရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

စစ်ကောင်စီကျင်းပသည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖြေဆိုသူ ယခင်နှစ်ထက် ၂၀ ရာခိုင်နှုန်း လျော့နည်းသွားပြီး တိုက်ပွဲပြင်းထန်နေသည့် ကရင်နီပြည်နယ်တွင် ယခု ၂၀၂၃ – ၂၀၂၄ ပညာသင်နှစ်အတွက် စာစစ်ဌာနသတ်မှတ်နိုင်ခြင်းမရှိခဲ့ပေ။

 

တိုက်ပွဲဖြစ်ပွားနေသည့် ဒေသအချို့တွင်လည်း ယခင်နှစ်များထက် စာစစ်ဌာနလျော့နည်းသွားပြီး ယမန်နှစ်ကဖြေဆိုသူဦးရေ ကိုးရာကျော်ရှိခဲ့သည့် ကရင်နီပြည်နယ်တွင် ယခုနှစ်အတွက်စာစစ်ဌာနသတ်မှတ် ပေးနိုင်ခြင်းမရှိခဲ့ခြင်းဖြစ်သည်။

 

စစ်ကောင်စီကျင်းပသည့် တက္ကသိုလ်ဝင် Grade 12 စာမေးပွဲကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပြီးခဲ့သည့် မတ်လ ၁၁ ရက်နေ့ကစတင်ဖြေဆိုခဲ့ခြင်းဖြစ်ပြီး ဖြေဆိုရန်ပျက်ကွက်သူစုစုပေါင်း တစ်သောင်းရှစ်ထောင်ကျော်ရှိခဲ့သည်။

 

လွန်ခဲ့သည့် ၂၀၂၂ – ၂၀၂၃ ပညာသင်နှစ်တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖြေဆိုရန်စာရင်းပေးထားသူ ၁၀၃၂၇ ဦးထဲမှ ၉၅၃၃ ဦးဖြေဆိုခဲ့ပြီး အောင်မြင်သူဦးရေ ၇၀၅၇ ဦးရှိကာ အောင်ချက်ရာခိုင်နှုန်း ၇၄.၀၃ ရာခိုင်နှုန်း ရှိခဲ့သည်။

 

သတင်း – Thu Ta

သင့်ထင်မြင်ချက်ရေးပေးပါ