စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို KIA ပူးပေါင်းတပ်က ဝိုင်းမော်မြို့နယ်၊ ရွှေညောင်ပင်ကျေးရွာတွင် ကြားဖြတ်တိုက်ခိုက်ခဲ့သဖြင့် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယမန်နေ့ည စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရွှေညောင်ပင်ကျေးရွာရှိ ရပ်ကွက် (၅) ဖော့စက်ရုံအနီးတွင် ယနေ့ညနေ သုံးနာရီခန့်မှ စတင်ကာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြား ထိခိုက်သေဆုံးသည်ဟု ရှေ့တန်းသတင်းရင်းမြစ်တစ်ဦးက The 74 Media ကိုပြောသည်။

“ဖော့စက်ရုံတွေ ကြက်ခြံတွေရှိတဲ့ ရပ်ကွက် (၅) အဲ့နားမှာကိုဟုတ်တယ်။ ဒီကောင်တွေ ဒီနေ့ ရီမုတ်မိုင်း လက်ချက်နဲ့ တော်တော်နာသွားတယ်နဲ့တူတယ် အလောင်းတွေလွတ်ကျန်ခဲ့လို့ အလောင်းတွေတစ်ခါပြန်လာကောက်နေကြတယ်။ ကျွန်တော်တို့ဂွင်ထဲကို ဝင်လာတာကို ဘယ်လောက်ထိ အထိနာသွားကြလည်းတော့ အတိအကျမသိရသေးဘူး ခုချိန်ထိပစ်နေတုံး” ဟု ပြောသည်။

ရွှေညောင်ပင်ကျေးရွာ အုတ်ဖိုအနီးတပ်စွဲနေထိုင်သည့် စစ်ကောင်စီနှင့် ဦးရွှေမင်းပြည်သူစစ်တပ်ဖွဲ့ဝင်များက ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်တို့ တပ်စွဲရာနေရာသို့ စစ်ကြောင်းထိုးလာသဖြင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခြင်းဖြစ်သည်ဟု ရပ်မိရပ်ဖတစ်ဦးက ပြောသည်။

“အုတ်ဖိုနဲ့ ဖော့စက်ရုံကနီးနီးလေးပဲ။ အဲ့အုတ်ဖိုနားမှာ စစ်ကောင်စီနဲ့ ပြည်သူ့စစ်တွေ ကတုတ်ကျင်းတူးပြီးနေ ကြတာ။ ဟိုဘက်မှာက KIA ပူးပေါင်းတပ်တွေရှိနေတဲ့နေရာ အဲ့နေရာကို ထိုးဝင်လို့စဖြစ်လာတာတဲ့။ ခုချိန်ထိ အသံတွေကြားနေရသေးတယ်။ အရင် ပတ်က အပေါ်ပိုင်း စံပိုင်ရွာဘက်က ၂၀၀ လောက်ရှိတဲ့ စစ်ကောင်စီ တပ်သားတွေ (၃၂၁) ထဲဝင်သွားတယ်လို့ကြားတယ်” ဟု ပြောသည်။

လက်ရှိအချိန်တွင် လက်နက်ကြီးအပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားနေသေးသဖြင့် ထိခိုက်သေဆုံးမှုကိုအတည် မပြုနိုင်သေးပါ။

ဝိုင်းမော်မြို့နယ်အတွင်း မတ်လဒုတိယအပတ်မှစတင်ကာ တိုက်ပွဲများပြင်းပြင်းထန်ထန်ဖြစ်ပွားနေပြီး စစ်ကောင်စီစခန်းအများအပြားကို KIA ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

သတင်း – Zami

သင့်ထင်မြင်ချက်ရေးပေးပါ