စစ်ကောင်စီတပ်ထောင်ထားသည့် နင်းမိုင်းကြောင့် ယမန်နေ့ ညနေ ၃ နာရီခန့်က မိုးကောင်းမြို့မှ အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

မိုးကောင်းမြို့ပြင် နောင်ကိုင်တော်ရပ်ကွက်ရှိ စစ်ကောင်စီ ခ.လ.ရ (၇၄) တပ်စခန်းနောက်တွင် နွားကျောင်းနေစဉ် မိုင်းနင်းမိကာ သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ဒေသခံအမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“တောထဲမှာသူတို့နင်းမိုင်းတွေထောင်တားတာပေါ့။ အဲဒီကနေဟိုဘက် ကျော်ပြီးမသွားဖို့ကန့်သတ်ထားတာပေါ့။ နွားကဝင်သွားတော့သူကလိုက်သွားတဲ့အခါနင်းမိပြီးတော့ ပေါက်ကွဲတာပေါ့။ ခြံစည်းရိုးထဲကျော်ပြီး ဝင်သွားတဲ့အချိန် သူ့ခြေထောက်ကလည်းအစကတည်းကမသန်တော့ ခြံစည်းရိုးမှာငြိပြီး ခြေထောက်ထောက်တဲ့နေရာမှာ မိုင်းရှိတာနေမှာပေါ့ နင်းမိပြီးပေါက်ကွဲသွားတာ” ဟုဆိုသည်။

သေဆုံးသူမှာ အသက် ၅၅ နှစ်ခန့်အရွယ် ဦးရမ်းဗဟာဒူး (Yam Bahadur) မှာ နောင်ကိုင်တော်အုပ်စု၊ ပျော်လင့်ရပ်ကွက်တွင် နေထိုင်သူဖြစ်ပြီး ဝမ်းဗိုက်နှင့် ခန္ဓာကိုယ်အနှံ့တွင် မိုင်းစထိမှန်ဒဏ်ရာများဖြင့် မိုးကောင်းမြို့ ပြည်သူ့ဆေးရုံသို့ပို့ဆောင်နေစဉ်အတွင်း သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဦးရမ်းဗဟာဒူး (Yam Bahadur) ၏ ရုပ်အလောင်းကို ယနေ့မွန်းလွှဲပိုင်းတွင် မိုးကောင်းမြို့ပြည်သူ့ဆေးရုံရှိရင်ခွဲရုံမှ နန်ကြီးကုန်း သုဿန်သို့ပို့ဆောင် သင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။

ခ.လ.ရ (၇၄) တပ်စခန်းအနီးတွင် စစ်ကောင်စီတပ်က နင်းမိုင်းများထောင်ထားပြီး မဖြတ်သန်းရန် အသိပေးထားခြင်းမရှိသောကြောင့် မကြာခဏမိုင်းနင်းမိသည့် ဖြစ်စဉ်များဖြစ်ပွားလျက်ရှိကြောင်း အခြားဒေသခံအမျိုးသားတစ်ဦးကဆိုသည်။

“ဒီနေရာမှာဆိုင်းဘုတ်တွေမထောင်ထားတဲ့အတွက်ကြောင့်မို့လို့ ပြည်သူတွေလည်း နှစ်ယောက်ရှိပြီပေါ့။ တစ်ဦးကတော့ ခြေထောက်ဖြတ်ထားတဲ့အဆင့်မှာ အခုဆေးရုံမဆင်းရသေးဘူးပေါ့။ ဒီတစ်ဦးကတော့မှုခင်းဖြစ်တဲ့ နေရာမှာပဲ ပွဲချင်းပြီးသေဆုံးတာပေါ့” ဟုဆိုသည်။

ပြီးခဲ့သည့် မတ်လ ၂ ရက်နေ့ကလည်း ထိုနေရာတွင်အမျိုးသားတစ်ဦး စစ်ကောင်စီထောင်ထားသည့် မိုင်းနင်းမိခဲ့သောကြောင့် ခြေထောက်တစ်ဖက်ဆုံးရှုံးခဲ့ရသည်။

သတင်း – Thu Ta

သင့်ထင်မြင်ချက်ရေးပေးပါ