မိုးမောက်မြို့နယ်ရှိ စစ်ကောင်စီစခန်းတပ်စခန်းနှစ်ခုကို ယမန်နေ့ညနေ ၄ နာရီခွဲခန့်တွင် ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်ဖွဲ့က ထပ်မံသိမ်းပိုက်လိုက်ကြောင်း သိရသည်။

မြို့သစ်ကျေးရွာအနီးရှိ လုံဂျာဘွမ် (Lung Ja Bum) စခန်းနှင့် အူဒန်ဘွမ် (U Dang Bum) စခန်းတို့ကို ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်ခဲ့သည်ဟု KIA ရှေ့တန်းသတင်းရင်းမြစ်တစ်ဦးက The 74 Media ကိုပြောသည်။

“စခန်းကတော့ အတော်အသင့်ရှိတဲ့ပို့စ်တွေဟုတ်တယ်။ သေဆုံးတာတွေကသိပ်မရှိဘူး။ လက်မြှောက်တာတွေပါတယ်လို့ပြောတယ် အဖမ်းခံတာပေါ့။ အားလုံးရှင်းလင်းရေးလုပ်နိုင်ပြီ” ဟုပြောသည်။

မြစ်ကြီးနား – ဗန်းမော်လမ်းပေါ်တွင်တည်ရှိသည့် အဆိုပါစခန်းနှစ်ခုမှာ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်က စစ်ကောင်စီထိုးစစ်ဆင်တိုက်ခိုက်ချိန် တပ်ဆုတ်ပေးခဲ့ရသည့်စခန်းများဖြစ်ကြောင်း KIA စစ်ရေးသတင်းရင်းမြစ်တစ်ဦးကပြောသည်။

“လုံဂျာကောင်နဲ့ အူဒန်ဘွမ်က ၂၀၂၂ နှစ်လောက်မှာ ကျွန်တော်တို့ဆုတ်ပေးလိုက်ရတဲ့နေရာဟုတ်တယ်။ မနေ့ညမှာ အပြီးသိမ်းနိုင်ခဲ့တာဟုတ်တယ်။ ကျွန်တော်တို့ဘက်ကတော့ တပ်မဟာ ၃ ပူးပေါင်းတပ်တွေ တိုက်ခိုက်ပြီး သိမ်းပိုက်နိုင်ခဲ့တာ” ဟုပြောသည်။

အဆိုပါတပ်စခန်းများတွင် စစ်ကောင်စီ ခြေမြန်တပ်ရင်း ခ.မ.ရ (၄၃၇) တပ်ဖွဲ့ဝင်များ အခြေချနေထိုင်ခဲ့ကြောင်း သိရသည်။

မိုးမောက်မြို့နယ်တွင် ယမန်နေ့တစ်ရက်တည်းအတွင်း စစ်ကောင်စီ တပ်ရင်းစခန်းကြီးအပါအဝင် စခန်းငယ်ငါးခုမှ တပ်ဖွဲ့ဝင်များ စခန်းစွန့်ခွာထွက်ပြေးသွားသောကြောင့် ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်က သိမ်းပိုက်ရရှိခဲ့သည်။

ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်၏ မတ်လ ၇ ရက်နေ့မှစတင်သည့် ထိုးစစ်ကြောင့် မြစ်ကြီးနား – ဗန်းမော်လမ်းတစ်လျှောက်ရှိ စစ်ကောင်စီတပ်စခန်း အများအပြား တိုက်ခိုက်သိမ်းပိုက်ခံထားရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များထွက်ပြေးသည့် တပ်စခန်းလည်း ခုနှစ်ခုထက်မနည်းရှိလာပြီဖြစ်သည်။

သတင်း – Doi Awng

ပုံ –  KIA ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ခဲ့သည့် မိုးမောက် – လွယ်ဂျယ်လမ်းရှိ စစ်ကောင်စီတပ်စခန်းတစ်ခု

သင့်ထင်မြင်ချက်ရေးပေးပါ