ဗန်းမော် – လွယ်ဂျယ်လမ်း၊ စိန်လုံတောင်အနီးရှိ စစ်စခန်းများတိုက်ခိုက်ခံနေရသဖြင့် KIO ထိန်းချုပ်နယ်မြေ မိုင်ဂျာယာန်မြို့ကို စစ်ကောင်စီတပ်က ယနေ့နံနက် ၇ နာရီခန့်မှစတင်ကာ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်နေကြောင်း သိရသည်။

စစ်ကောင်စီတပ်က ပစ်ခတ်သည့်လက်နက်ကြီးများ မိုင်ဂျာယာန်မြို့ရှိ စာသင်ကျောင်း၊ ဘောလုံးကွင်းနှင့် တရုတ်နယ်စပ်နေရာများတွင် လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ပြီး မြို့နေပြည်သူများလည်း ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု မိုင်ဂျာယာန်မြို့နေ ပညာရေးဝန်ထမ်းတစ်ဦးက The 74 Media ကိုပြောသည်။

 

“တရုတ်ပြည်ဘက်လည်း ကျတယ်။ အဲဒီဘက်က တရုတ်တွေတောင် အခုပြေးနေကြပြီ။ ကျောင်းမှာကျန်ခဲ့တဲ့သူတွေ ပြောပြတာ။ ကျောင်းနားက ဘောလုံးကွင်းမှာကျတာတဲ့ အသံလည်းအကျယ်ကြီးပဲတဲ့။ ကျွန်မတို့က နည်းနည်းဝေးတဲ့နေရာမှာ ရှောင်နေတာဆိုတော့ အသံနည်းနည်းပဲကြားရတယ်” ဟုပြောသည်။

 

တရုတ်နယ်စပ် လွယ်ဂျယ်မြို့အနီးရှိ စစ်ကောင်စီတပ်စခန်းများကို KIA ပူးပေါင်းတပ်က ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းဖြစ်ပြီး ယော်ယုံတောင်ပေါ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်က မိုင်ဂျာယန်မြို့သို့ လက်နက်ကြီး ပစ်ခတ်နေခြင်းဖြစ်သည်ဟု မြို့နေ လူမှုဝန်ထမ်းတစ်ဦးက ပြောသည်။

 

“တရုတ်ပြည်ဘက် နှစ်ကြိမ်ကျတယ်လို့ပြောနေကြတယ်။ မိုင်ဂျာယာန်မြို့ထဲမှာလည်း ခြောက်ကြိမ်၊ ခုနှစ်ကြိမ်လောက်တောင်ရှိပြီ။ ကျွန်တော်တို့နေတဲ့ နားလည်းကျတယ်။ မြို့ထဲကလူတွေတော့ အကုန်ပြေးနေကြတယ်။ ယော်ယုံတောင်ဘက် KIA ဘက်က သွားတိုက်လို့ တိုက်ပွဲဖြစ်နေတယ်” ဟုပြောသည်။

 

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလကလည်း ယော်ရုံတောင်စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကြောင့် ကျောင်းသူနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

 

KIA တပ်မဟာ (၃) နယ်မြေ၊ တရုတ်နယ်စပ်မြို့ မိုင်ဂျာယာန်တွင် Mai Ja Yang College, Mai Ja Yang Institute Of Education (IED), Institute of Liberal Arts and Sciences (Mai Ja Yang), Federal Law Academy အစရှိသည့် အဆင့်မြင့်ပညာရေးကျောင်းများဖွင့်လှစ်ထားပြီး ပညာရေးမြို့တော်ဟုတင်စားထားကြသည်။

 

မိုးမောက် – လွယ်ဂျယ်လမ်း စိန်လုံတောင်အနီးတစ်ဝိုက်ရှိ စစ်ကောင်စီတပ်စခန်းလေးခုကို KIA ပူးပေါင်းတပ်က ယနေ့ နံနက်ပိုင်းမှစတင်ကာ တစ်ပြိုင်တည်းထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်ပြီး လက်ရှိအချိန်ထိ စစ်ရေးတင်းမာလျက်ရှိသည်။

 

သတင်း – Pan Soon

ပုံ – မိုင်ဂျာယန်မြို့အနီးတွင် KIA တပ်ဖွဲ့ဝင်တစ်ဦးကို တွေ့ရစဉ် (ပုံဟောင်းဖြစ်သည်။)

သင့်ထင်မြင်ချက်ရေးပေးပါ