မိုးကောင်းမြို့နယ်၊ မရန်ကထောင်ကျေးရွာရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ယနေ့ နံနက် ၆ နာရီခန့်တွင် ကချင်လွတ်မြောက်ရေးတပ် (KIA) က တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

လွယ်လီယာန်အုပ်စုရှိ ဂိတ်ကြေးကောက်ခံလေ့ရှိသော စစ်ကောင်စီစစ်ဆေးရေးဂိတ်ပစ်ခတ်ခံခဲ့ရခြင်းဖြစ်ပြီး လက်နက်ကြီးသံများ ကြားခဲ့ရသည်ဟု အသက် ၄၁ နှစ်ခန့်အရွယ် ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။

“သူတို့စခန်းထဲ လက်နက်ကြီးကျတဲ့အသံတွေ ကြားရတယ်။ အပြန်အလှန်ကိုပစ်နေကြတာဗျ။ စစ်ကောင်စီဘက်က အထိနာလို့လားတော့မသိဘူး  လက်နက်ကြီးတွေနဲ့ပြန်ပစ်နေတယ်။ စခန်းအနီးနားက ဒေသခံတွေတော့ ရှောင်သွားကြပြီ” ဟုပြောသည်။

မရန်ကထောင်ဂိတ်တွင် တိုက်ပွဲဖြစ်ပွားနေသဖြင့် မြစ်ကြီးနား – ဖားကန့်လမ်းပိုင်းမှာ နံနက် ၇ နာရီမှ ၉ နာရီအထိ ပိတ်ထားခဲ့သောကြောင့် ခရီးသည်ကားများပိတ်မိခဲ့သည်ဟု မြစ်ကြီးနား – ဖားကန့်လမ်း ယာဥ်လိုင်းပြေးဆွဲနေသည့် ယာဥ်မောင်းသမားတစ်ဦးကပြောသည်။

“တချို့ကားဆရာတွေတော့ မိုးကောင်းဘက်ကနေ  သွားကြတယ်ပြောတယ်။ ကျွန်တော်တို့ကတော့ ဂိတ်ဖွင့်တဲ့အထိစောင့်ပြီးသွားလိုက်တာ။ အခုရက်ပိုင်းတော့ အခြေနေဘယ်လိုလည်းမသိဘူး လမ်းတွေ ပြန်ပိတ်မယ်လို့လည်း ကြားနေရတယ်” ဟုပြောသည်။

ဖားကန့်မြို့နယ်တွင် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်နှင့် ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်တို့ကြား စစ်ရေးတင်းမာလျက်ရှိပြီး စစ်ကောင်စီတပ်ကလည်း အင်အားဖြည့်တင်းမှုများ ဆက်တိုက်ပြုလုပ်နေသည်။

မြစ်ကြီးနား – ဖားကန့်လမ်းပေါ်ရှိ ကျောက်ဖျာကျေးရွာတွင်လည်း ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၁ ရက်နေ့က KIA ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့သည်။

KIA ပူးပေါင်းတပ်က ဖားကန့်မြို့နယ်တွင် ၂၀၂၄ ခုနှစ် ပထမ သုံးလအတွင်း စစ်ကောင်စီတပ်စခန်း ခြောက်ခုထက်မနည်းကို သိမ်းပိုက်ထားသည်။

သတင်း – Pe Ti

သင့်ထင်မြင်ချက်ရေးပေးပါ