လုံခြုံရေးအခြေအနေများကြောင့် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်မရခဲ့ကြသည့်ဒေသများရှိ ကျောင်းသား၊ ကျောင်းသူများကို အထူးအစီစဉ်တစ်ရပ်အနေဖြင့် စာမေးပွဲပြန်လည်ဖြေဆိုခွင့်ပြုသွားမည်ဟု စစ်ကောင်စီကကြေညာခဲ့ကြောင်းသိရသည်။

၂၀၂၃ – ၂၀၂၄ ပညာသင်နှစ်အတွက် စာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းထားသော်လည်း မဖြေလိုက်ရသူများကို သက်ဆိုင်ရာတိုင်းနှင့်ပြည်နယ်အတွင်းရှိ သတ်မှတ်ထားသည့် စာစစ်ဌာနများတွင်စုစည်းခေါ်ယူကာ ပြန်လည်ဖြေဆိုခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။

သို့သော်ဖြေဆိုမည့်နေ့ရက်နှင့် စာစစ်ဌာနများကိုဖော်ပြထားခြင်းမရှိဘဲ ထပ်မံထုတ်ပြန်ပေးသွားမည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

PDF များက နည်းလမ်းမျိုးစုံဖြင့် ခြိမ်းခြောက်နှောင့်ယှက်နေသောကြောင့် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ဆုံးရှံးခဲ့သူများအတွက် အထူးအစီအစဉ်ဖြင့် ဆောက်ရွက်ပေးမည်ဟုဆိုကာ ကြေညာခဲ့ခြင်းဖြစ်သည်။

မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုသူ ယခင်နှစ်ထက် ၂၀ ရာခိုင်နှုန်း လျော့နည်းသွားပြီး တိုက်ပွဲပြင်းထန်နေသည့် ကရင်နီပြည်နယ်တွင် ယခု ၂၀၂၃ – ၂၀၂၄ ပညာသင်နှစ်အတွက် စာစစ်ဌာနသတ်မှတ်နိုင်ခြင်းမရှိကြောင်း စစ်ကောင်စီထုတ်သတင်းစာတွင်ဖော်ပြထားသည့် စာရင်းများအရ သိရသည်။

တိုက်ပွဲဖြစ်ပွားနေသည့် ဒေသအချို့တွင်လည်း ယခင်နှစ်များထက် စာစစ်ဌာနလျော့နည်းသွားပြီး ယမန်နှစ်ကဖြေဆိုသူဦးရေ ကိုးရာကျော်ရှိခဲ့သည့် ကရင်နီပြည်နယ်တွင် ယခုနှစ်အတွက်စာစစ်ဌာနသတ်မှတ် ပေးနိုင်ခြင်းမရှိခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီကျင်းပသည့် တက္ကသိုလ်ဝင် Grade 12 စာမေးပွဲကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပြီးခဲ့သည့် မတ်လ ၁၁ ရက်နေ့ကစတင်ဖြေဆိုခဲ့ခြင်းဖြစ်ပြီး ဖြေဆိုရန်ပျက်ကွက်သူစုစုပေါင်း တစ်သောင်းရှစ်ထောင်ကျော်ရှိခဲ့သည်။

လွန်ခဲ့သည့် ၂၀၂၂ – ၂၀၂၃ ပညာသင်နှစ်တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖြေဆိုရန်စာရင်းပေးထားသူ ၁၀၃၂၇ ဦးထဲမှ ၉၅၃၃ ဦးဖြေဆိုခဲ့ပြီး အောင်မြင်သူဦးရေ ၇၀၅၇ ဦးရှိကာ အောင်ချက်ရာခိုင်နှုန်း ၇၄.၀၃ ရာခိုင်နှုန်းရှိခဲ့သည်။

သတင်း – Thu Ta

သင့်ထင်မြင်ချက်ရေးပေးပါ