ဝိုင်းမော်မြို့နယ်၊ နောင်းချိန်းကျေးရွာသို့ရောက်ရှိနေသည့် အောင်မြေ (၁) ကျေးရွာမှ စစ်ရှောင်ပြည်သူ ၃၀၀ ကျော်အတွက် စားဝတ်နေရေး၊ သောက်သုံးရေနှင့် ဆေးဝါးအကူအညီများလိုအပ်နေကြောင်း သိရသည်။

နောင်းချိန်းကျေးရွာရှိတွင် တိမ်းရှောင်နေသည့် စစ်ရှောင်ပြည်သူများအတွက် ရေတွင်းတစ်ခုသာရှိသောကြောင့် မကြာခဏရေခမ်းနေပြီး ရေမလောက်သည့်အခက်အခဲနှင့် ကြုံနေရသည်ဟု စစ်ရှောင်တာဝန်ခံအမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“အခုကရေမလောက်တဲ့ဒုက္ခဟုတ်တယ်။ ရေတွင်းကအဝီစိတူးနိုင်ဖို့လိုတယ်။ ကျွန်တော်တို့မှာက ရိုးရိုးရေတွင်းပဲရှိနေတော့။ တစ်နာရီလောက်စုပ်လိုက်ရင်ကုန်ပြီ။ ဒါကြောင့် ကျောင်းစောင့်ကို ရေတွင်းမှာစောင့်ခိုင်းပြီး ရေရှိလာပြီဆိုရင်စုပ်လိုက် ခမ်းသွားရင်ပြန်နားထားလိုက် အဲ့လိုနဲ့သုံးဖို့ ဖြေရှင်းနေရတယ်” ဟုပြောသည်။

အဆိုပါစစ်ရှောင်ပြည်သူများမှာ ပြီးခဲ့သည့် မတ်လ ၁၈ ရက်နေ့က မိုင်းနား KBC စစ်ရှောင်စခန်းမှ နောင်းချိန်ကျေးရွာသို့ ထပ်မံတိမ်းရှောင်လာခြင်းဖြစ်ပြီး သောက်ရေအတွက် ရေသန့်ဘူးများထားခြင်း၊ ဧရာဝတီမြစ်ဆိပ်တွင် ရေချိုးခြင်းဖြင့် လတ်တလော အခက်အခဲများကို ဖြေရှင်းထားကြောင်း သိရသည်။

ထပ်မံရောက်ရှိလာသည့် စစ်ရှောင်ပြည်သူများအတွက်လည်း အစားအသောက်နှင့် နေရာထိုင်ခင်းအတွက် မိုးကာများလိုအပ်နေသည်ဟု အသက် (၄၀) ခန့်အရွယ် စစ်ရှောင်အရေးကူညီပေးနေသူ အမျိုးသားတစ်ဦးကပြောသည်။

“အခုလောလောဆယ်တော့ဒီမှာလည်း ချက်ပြုတ်ရေးအတွက်ပဲလုံးပန်းနေရတယ်။ အကူအညီကတော့ ဘာမှမရသေးဘူး လာကူညီတာတွေမရှိသေးဘူး။ ဒီကဒေသခံပြည်သူတွေနဲ့ပဲ အချင်းချင်းလုပ်အားနဲ့ရော အလှူခံတာတွေလုပ်ပြီးကူညီနေတာ။ နေစရာအတွက်ပြန်တည်ဆောက်ဖို့ မိုးကာတွေလိုတယ်။ ဝါးတွေက ဒီရွာကနေသုံးလို့ရသေးတယ်” ဟုပြောသည်။

လက်ရှိနောင်းချိန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင်လည်း စစ်ရှောင်ပြည်သူ (၅၀) ခန့်ရှိပြီး နောင်းဟီးကျေးရွာနှင့် စန်းခါးကျေးရွာတို့တွင်တိမ်းရှောင်နေသည့် အောင်မြေ (၁) ကျေးရွာမှ ဒေသခံပြည်သူ ၂၇၀ ခန့် ထပ်မံရောက်လာရှိလာမည်ဖြစ်ကြောင်း သူကဆက်‌ပြောသည်။

“နောင်းဟီးကျေးရွာနှင့် စန်းခါးကျေးရွာမှာ မလုံခြုံတာကြောင့် ပြန်ရောက်လာဖို့ရှိတယ်။ စစ်ရှောင်တာက အခုထိရောက်လာနေတုန်းပဲ တိုးလာနေတုန်းဟုတ်တယ်။ ဆွေမျိုးအိမ်တွေဆီလာရောက်စစ်ရှောင်နေပြီး ကျွန်တော်တို့ဆီပြန်ရောက်လာတာတွေရှိတယ်” ဟုပြောသည်။

စစ်ကောင်စီတပ်က မြစ်ကြီးနား – ဗန်းမော်လမ်းရှိ ကျေးရွာအချို့မှ စစ်ရှောင်ပြည်သူများကို ပြီးခဲ့သည့် မတ်လ ၂၀ ရက်နေ့မှစတင်ကာ သုံးရက်နေရပ်သို့ပြန်ကာ ပစ္စည်းများသယ်ယူခွင့်ပြုထားကြောင်း သိရသည်။

ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်နှင့် စစ်ကောင်စီ ပူးပေါင်းတပ်တို့ကြား မြစ်ကြီးနား – ဗန်းမော်လမ်းတွင် ဖြစ်ပွားခဲ့သောတိုက်ပွဲကြောင့် ပြည်သူ ၂၀၀၀ ကျော်မှာ ဝိုင်းမော်မြို့၊ စန်းခါးကျေးရွာ၊ နောင်းဟီကျေးရွာ၊ မိုင်းနား KBC စစ်ရှောင်စခန်းနှင့် နောင်းချိန်းကျေးရွာတို့တွင် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

သတင်း – Doi Awng

ဓါတ်ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ