မိုးမောက်မြို့နယ် နွမ်လန်းကျေးရွာရှိ စစ်ကောင်စီခြေမြန်တပ်ရင်း (ခမရ – ၄၃၈) နှင့် နောင်ကွမ်ကျေးရွာမှ လက်နက်ကြီးတပ်ရင်းစခန်း (၆၁၆) ကို ယမန်နေ့ ညနေပိုင်းက KIA ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်းသိရသည်။

မြစ်ကြီးနား – ဗန်းမော်လမ်းရှိ စစ်ကောင်စီစခန်း နှစ်ခုကိုတိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီး အဆိုပါစခန်းနှစ်ခုမှာ KIA ဌာနချုပ် လိုင်ဇာအနီးတွင်တည်ရှိသော စခန်းဖြစ်ကြောင်း KIA အရာရှိတစ်ဦးက The 74 Media ကိုပြောသည်။

“မနေ့က မနက် ၇ နာရီလောက်ကနေ ထိုးစစ်ဆင်တိုက်ခိုက်တာ နွမ်းလန်ကစခန်းကိုတော့ ၅ နာရီလောက်မှာသိမ်းပိုက်နိုင်တာ။ တပ်ရင်းဆိုတော့ အင်အားက ၁၀၀ ကျော်လောက်ရှိတယ်။ အဲ့နေရာက မိုးမောက်အထက်က နေရာတွေဟုတ်တယ်။ အဲ့နေရာက လမ်းမကြီးကို ကာကွယ်တဲ့စခန်း၊ ဗန်းမော်မြို့နယ်ရဲ့ရှေ့တန်းစခန်းလို့လည်းပြောလို့ရတယ်”ဟုဆိုသည်။

စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များဖမ်းဆီးရရှိခဲ့ပြီး အသေးစိတ်ကိုမူ မသိရှိရသေးပါ။

စစ်ကောင်စီတပ်က လေကြောင်းဖြင့် အပြင်းအထန်ခုခံတိုက်ခိုက်နေသည့်ကြားမှ စခန်းနှစ်ခုကို တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း KIA သတင်းရင်းမြစ်တစ်ဦးကဆက်ပြောသည်။

“စခန်းသိမ်းနေတုန်း ဂျက်လေယာဉ်နဲ့ရော၊ Y 12 နဲ့ရော ဗုံးလာကြဲတာ။ ဘယ်နှစ်ကြိမ်လဲတောင်မသိတော့ဘူး။ တပ်ရင်းဆိုတော့ မိသားစုလိုက်နေတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တော့ တော်တော်များမယ်ထင်တယ်။ သေဆုံးတာ၊ လက်နက်တွေ ဘယ်လောက်သိမ်းမိလဲဆိုတာကိုလည်း မသိရဘူးခင်ဗျ”ဟုပြောသည်။

နောင်ကွမ်ကျေးရွာမှ အမြောက်တပ်ရင်း အမှတ် ၃၇၀ ကို KIA ပူးပေါင်းတပ်က ဆက်လက်တိုက်ခိုက်နေဆဲဖြစ်ကြောင်းသိရသည်။

လိုင်ဇာမြို့နှင့်ပါဂျောင်ကျေးရွာကြားရှိ နာဖော့စခန်းအပါအဝင် အနီးအနားရှိ စစ်ကောင်စီတပ်စခန်း ခြောက်ခုကို ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်ဖွဲ့များက ယမန်နေ့က တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

သတင်း – Doi Awng ၊ Pan Soon ၊ David

ပုံစာ – ယခုလအတွင်း ကချင်ပြည်နယ် ရှေတန်းတစ်နေရာမှ KIA တပ်ဖွဲ့ဝင်များကိုတွေ့ရစဉ်။

သင့်ထင်မြင်ချက်ရေးပေးပါ