လိုင်ဇာမြို့နှင့် ပါဂျောင်ကျေးရွာကြားရှိ နာဖော့စခန်းအပါအဝင် အနီးအနားရှိ စစ်ကောင်စီတပ်စခန်း ခြောက်ခုကို ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်စခန်း ခြောက်ခုကို KIA ပူးပေါင်းတပ်ဖွဲ့များက ပြီးခဲ့သည့် မတ်လ ၁၉ ရက်နေ့မှစတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ယနေ့နံနက်ပိုင်းတွင် သိမ်းပိုက်နိုင်ခဲ့သည်ဟု KIA ဗိုလ်ကြီးအဆင့်ရှိသူတစ်ဦးက The 74 Media ကိုပြောသည်။

“ပို့စ်အကြီးအသေးအားလုံးပေါင်းရင် ၆ ခုလောက်ရှိတယ်။ နဖော့ကုန်းရဲ့ လုံခြုံရေးစခန်းငယ်တွေ ဟုတ်တယ်။ အရေးကြီးတဲ့စခန်းကုန်းတွေဟုတ်တယ်။ ဒီမနက် ၇ နာရီခွဲလောက်မှာက စခန်းကြီးကို သိမ်းနိုင်တာ။ အငယ်တွေက မနေ့အရင်နေ့ကနေသိမ်းနိုင်တာတွေပါပြီ” ဟုပြောသည်။

အဆိုပါ စခန်းခြောက်ခုမှာ အူလောကောင်စခန်း၊ နာဖော့စခန်း၊ ၆၆၆၇ စခန်း၊ ရင်ဆိုင်ကုန်းစခန်း၊ အူဂါရှန်စခန်းနှင့် လီဆူပါဂျောင်စခန်းတို့ဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီတပ်က လက်ရှိအချိန်ထိ လေကြောင်းတိုက်ခိုက်မှုပြုလုပ်နေသောကြောင့် စခန်းအားလုံးကို နယ်မြေရှင်းလင်းရေးလုပ်ဆောင်နိုင်ခြင်းမရှိသေးကြောင်း မြေပြင်သတင်းအရင်းအမြစ်တစ်ဦးက ပြောသည်။

“နာဖော့စခန်းကို အခုထိလူမရှိလည်း လေယာဉ်တွေနဲ့ပဲကြဲနေတယ်။ အဲ့နားစခန်းတွေမှာ မထိုင်နိုင်အောင် လုပ်တဲ့သဘောမှာရှိတယ်။ တစ်နာရီတစ်ကြိမ် ခဏခြားတစ်ကြိမ်လာကြဲတော့ ရှင်းလင်းရေးတွေ ကောင်းကောင်းလုပ်လို့မရဘူး ဖြစ်နေတယ်။ အဲ့စခန်းတွေမှာတော့ စစ်ကောင်စီတပ်သားတွေတစ်ယောက်မှမရှိတော့ဘူး။ သေတဲ့သူကသေ မသေတဲ့သူက ထွက်ပြေးပေါ့ကွာ” ဟုပြောသည်။

အဆိုပါစခန်းများမှထွက်ပြေးသွားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို KIA ပူးပေါင်းတပ်ဖွဲ့က လိုက်လံရှာဖွေနေပြီး စခန်းအချို့ကို နယ်မြေရှင်းလင်းရေးများ လုပ်ဆောင်နေကြောင်းသိရသည်။

ပြီးခဲ့သည့် မတ်လ ၇ ရက်နေ့ကစတင်ခဲ့သော KIA ပူးပေါင်းတပ်၏ ထိုးစစ်အတွင်း စစ်ကောင်စီတပ်စခန်း ၃၀ ကျော်ကို KIA က သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးရာကျော် အရှင်ဖမ်းမိခဲ့ကြောင်းသိရသည်။

သတင်း – May ၊ Doi Awng

ဓါတ်ပုံ – ရှေ့တန်းတစ်နေရာမှ KIA တပ်ဖွဲ့ဝင်များကိုတွေ့ရစဉ်။(ပုံဟောင်းဖြစ်သည်)

သင့်ထင်မြင်ချက်ရေးပေးပါ