ဖားကန့်မြို့ ဆိပ်မူကျေးရွာ ရပ်ကွက် ၃ တွင် ယနေ့ မွန်းလွှဲ ၂ နာရီခန့်က လူနေအိမ်တစ်လုံးမီးလောင်ခဲ့ကြောင်း သိရသည်။

မီးလောင်ရသည့် အကြောင်းအရင်းက မသိရသော်လည်း မီးအားအလွန်ပြင်းသည်ဟု ရပ်ကွက်နေ ကျောက်အရောင်းအဝယ်ပြုလုပ်သူတစ်ဦးက The 74 Media ကိုပြောသည်။

“ဘယ်ကနေဘယ်လိုစဖြစ်တာလဲတော့ မသိဘူး။ မီးအားက တော်တော်ကိုများတယ်ဗျ။ အိမ်ချင်းကပ်ရပ်တွေမို့ ဘေးအိမ်တွေပါ မီးထဲပါသွားမှာကိုစိတ်ပူနေတာ၊ လေတွေပါတိုက်နေတော့ မီးအားက ပိုကောင်းလာတာ” ဟုပြောသည်။

နှစ်ထပ်အိမ်တစ်ခုလုံးမီးလောက်ပြာကျခဲ့ခြင်းဖြစ်ပြီး နာရီဝက်ခန့်ကြာ မီးငြိမ်းသတ်ခဲ့ရသည်ဟု ရပ်ကွက်နေပြည်သူတစ်ဦးက ပြောသည်။

“တစ်အိမ်လုံးကိုပြာကျသွားတဲ့ အထိဖြစ်သွားတယ်။ အိမ်တိုင်တွေလောက်ပဲ ကျန်တယ်။ အိမ်ထဲပစ္စည်းတွေတော့ ဘာတစ်ခုမှသုံးစားမရတော့ဘူး။ ရပ်ကွက်ကလူတွေနဲ့ ဝိုင်းငြိမ်းသတ်လိုက်ကြလိုပေါ့ အခုလိုမြန်မြန်ငြိမ်းသွားတာ” ဟုသူကပြောသည်။

ယခုအချိန်တွင် နွေရာသီသို့ရောက်ရှိလာပြီဖြစ်သောကြောင့် မီးဘေးအန္တရာယ်ကို အလွန်သတိထားရမည်ဖြစ်ပြီး ယနေ့ နံနက် ၁၁ နာရီခွဲခန့်ကလည်း ပူတာအိုမြို့နယ်၊ လုံးစွတ်ရပ်ကွက်တွင် နေအိမ်နှစ်လုံးမီးလောင်ခဲ့သည်။

သတင်း – Pe Ti

သင့်ထင်မြင်ချက်ရေးပေးပါ