ဗန်းမော်မြို့ လေယာဉ်ကွင်း ယနေ့မွှန်းလွဲ ၃ နာရီခန့်က လက်နက်ကြီးဖြင့် ထပ်မံပစ်ခတ်တိုက်ခိုက်ခံရကြောင်း သိရသည်။

၂ မိုင်အောင်သာရပ်ကွက်ရှိ လေယာဉ်ကွင်းကို လက်နက်ကြီးဖြင့်သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု KPDF တပ်ဖွဲ့ဝင်တစ်ဦးက The 74 Media ကိုပြောသည်။

“လေယာဉ်ကွင်းကိုချိန်ပြီးမှပစ်တာပဲ ဒါပေမဲ့သံချပ်ကာထဲကိုကျသွားတယ်လို့ပြောတယ်။ ၁၀၇ တစ်လုံးနဲ့ ၈၂ နှစ်လုံးပစ်ခဲ့တယ်။ သုံးလုံးပစ်တာ တစ်လုံးကတော့ သံချပ်ကာထဲကျသွားတယ်။ နောက်နှစ်လုံးကတော့ ဘယ်နားကျလဲမသိဘူး စုံစမ်းနေတုန်း” ဟုဆိုသည်။

ပစ်ခတ်မှုတွင် လေယာဉ်ကွင်းအနီးရှိသံချပ်ကာတပ်ထဲသို့ လက်နက်ကြီးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး လေဆိပ်အတွင်းပျက်စီးမှုမရှိကြောင်း KIA သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“နှစ်ချက်ပစ်တာ၊ အပျက်အစီးတော့ မရှိဘူး၊ ဘယ်နေရာမှာမှ မထိဘူး၊ တစ်ခုက သံချပ်ကာတပ်နဲ့ ၂၃၆ တပ်ကြားမှာ ကျသွားတာတဲ့”  ဟုပြောသည်။

လေယာဉ်ကွင်းအတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲသံ နှစ်ချက်ကြားခဲ့ရပြီး ထိခိုက်ပျက်စီးမှုနှင့်ပတ်သက်ပြီး အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း လေယာဉ်ကွင်းအနီးနေထိုင်သူ တစ်ဦးက ပြောသည်။

“အချိန်တော့ မမှတ်မိတော့ဘူး ဒီညနေ လေယာဉ်ကွင်းဘက်မှာ လက်နက်ကြီးအသံ နှစ်သံတော့ကြားတယ်။ လေယာဉ်ကွင်းမှာကျတာ သေချာ၊ မသေချာတော့ ကျွန်တော်တို့လည်း သွားကြည့်လို့မရတော့ မသိဘူးဗျ။ အသံတော့ကြားလိုက်တယ်” ဟုပြောသည်။

ပြီးခဲ့သည့် မတ်လ ၇ ရက်နေ့ကလည်း ဗန်းမော်မြို့လေယာဉ်ကွင်း ၁၀၇ မမဖြင့် နှစ်ကြိမ်တိုက်ပစ်ခတ်တိုက်ခိုက် ခံခဲ့ရသောကြောင့် လေယာဉ်ပြေးလမ်း ထိခိုက်ပျက်စီးခဲ့ပြီး လေကြောင်းခရီးစဉ်များလည်း တစ်ပတ်ကြာ ယာယီရပ်နားခဲ့သည်။

ထို့နေ့တစ်ရက်တည်းတွင် စစ်ကောင်စီ၏ အမှတ် (၅၀၃) မြစ်ကြီးနားလေတပ်စခန်းလည်း ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခံခဲ့ရသည်။

ဗန်းမော် – မြစ်ကြီးနားလမ်းတစ်လျောက်တွင် စစ်ကောင်စီတပ်နှင့် ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်တို့ကြား ပြီးခဲ့သည့် မတ်လ ၇ ရက်နေ့ကစတင်တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်ထိလည်း တိုက်ပွဲဆက်လက် ပြင်းထန်လျက်ရှိသည်။

သတင်း – Thu Ta, Za mi

သင့်ထင်မြင်ချက်ရေးပေးပါ