မိုးမောက်မြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်း သုံးခုကို ယနေ့နံနက် ၇ နာရီခွဲခန့်မှစတင်ကာ ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်က ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်းသိရသည်။

မြို့သစ်၊ ကုန်းလောနှင့် နွန်လန်းကျေးရွာရှိ စစ်ကောင်စီတပ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ကလည်း လေကြောင်းမှ ငါးကြိမ်ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု KIA ရှေ့တန်း သတင်းရင်းမြစ် တစ်ဦးက The 74 Media ကို ပြောသည်။

“ဒီမနက်ကနေပြီး သုံးနေရာကိုသွားတိုက်နေတာပါ။ မြို့သစ်ကိုတော့ တော်တော်လေး ဝင်နေနိုင်ပြီလို့ကြားရတယ်။ အခုထိပြင်းထန်နေတုန်းပါ ဂျက်လေယာဉ်နဲ့ လေးကြိမ်လာပစ်ပြီး Y 12 နဲ့တစ်ခါလာသေးတယ်” ဟုပြောသည်။

လက်ရှိအချိန်ထိလည်း တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ပြီး စစ်ကောင်စီတပ်စခန်းကိုလည်း ဝိုင်းထားကြောင်း ရှေ့တန်းသတင်းရင်းမြစ် အခြားတစ်ဦးက ပြောသည်။

“ကျွန်တော်တို့က ဒီဘက်လမ်းမှာ စောင့်နေကြတာပါ။ ဟိုကောင်တွေထွက်လာရင် ဒီဘက်ကပြန်ဆော်ဖို့ပါ။ အခုချိန်ထိတော့ ဟိုဘက်မှာဖြစ်နေကြတုန်းပဲ မြို့သစ်တောင် တော်တော်လေးပစ်လိုက်ပြီတဲ့။ သိပ်မကြာတော့ဘူးထင်တယ်” ဟု ပြောသည်။

ဗန်းမော်နှင့် မိုးမောက်ကြားရှိ လေးမိုင်တပ်စခန်းဘက်မှ လက်နက်ကြီးပစ်ကူနေသည့်အသံများ ကြားနေရကြောင်း ဒေသခံရပ်မိရပ်ဖတစ်ဦးက ပြောသည်။

“ဒီမနက်ကတည်းက တိုက်ပွဲဖြစ်နေတာပါ။ အသံတွေကြားနေရတယ် အခုချိန်ထိပဲ။ မိုးမောက်ကနေ လက်နက်ကြီး ပစ်ကူတဲ့အသံတော့မကြားဘူး လေးမိုင်တပ်ဘက်က ပစ်သံတော့ကြားတယ် ပြီးတော့ ဗန်းမော်လေတပ်ဘက်လည်း တောဘက်ကသူတွေ နှစ်ခါချပေးတယ်လို့ကြားတယ်” ဟုပြောသည်။

မြစ်ကြီးနား – ဗန်းမော်လမ်းတွင် ပြီးခဲ့သည့် မတ်လ ၈ ရက်နေ့မှစတင်ကာ ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်စခန်းပေါင်း ၄၀ ထက်မနည်းကို KIA က သိမ်းပိုက်ထားပြီးဖြစ်သည်။

သတင်း – Zami

ပုံ – ပုံဟောင်းဖြစ်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ