ပူတာအိုမြို့ လုံးစွတ်ရပ်ကွက်တွင် ယနေ့ နံနက် ၁၁ နာရီခွဲခန့်က နေအိမ်နှစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဇေယျာမင်းစက်သုံးဆီဆိုင် အနောက်ဘက်ရှိနေအိမ်နှစ်လုံး မီးလောင်ခဲ့ခြင်းဖြစ်ပြီး မည်သည့်အကြောင်းကြောင့် မီးလောင်ရသည်ကို မသိရှိဟု မီးကူငြိမ်းပေးခဲ့သည့် အမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“ဘယ်လိုစလောင်လဲတော့ ဘယ်သူမှအတိကျမသိသေးဘူး။ ကျွန်တော်တို့လည်း အခုမှရောက်ပြီး မီးဝိုင်းငြိမ်းနေကြတာ။ လျှပ်စစ်ရှော့ခ်ဖြစ်ပြီးလောင်တာတော့ မဖြစ်နိုင်ဘူး အခုလောလောဆယ် မီးမလာဘူး။ စားဖိုဆောင်ကနေစလောင်တာပဲဖြစ်နိုင်ပါတယ်” ဟုပြောသည်။

ရပ်ကွက်နေပြည်သူများနှင့် မီးသတ်တပ်ဖွဲ့ဝင်များ ဝိုင်းဝန်းမီးငြိမ်းခဲ့ခြင်းဖြစ်ကြောင်း မီးလောင်သည့်အိမ်အနီးတွင် နေထိုင်သူတစ်ဦးကပြောသည်။

“ကပ်လျက်အိမ်နှစ်အိမ်ကတော့ အားလုံးလောင်သွားတယ်။ ပစ္စည်းတွေဘာတွေလည်း ဘာမှထုတ်လို့မရဘူး တစ်အိမ်ကတော့ အိမ်တိုင်တွေပဲကျန်တာ။ တခြားအိမ်တွေဘက် မီးစွဲသွားတာမျိုးတော့မရှိဘူး” ဟုပြောသည်။

လက်ရှိအချိန်တွင် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ရဲတပ်ဖွဲ့ဝင်များက မီးလောင်ရခြင်း အကြောင်းအရင်းကို စုံစမ်းနေကြဆဲဖြစ်ကြောင်း သူကပြောသည်။

လုံးစွတ်ရပ်ကွက်တွင် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်နေ့ကလည်း သားအဖနှစ်ဦး စကားများရန်ဖြစ်ရာမှ အချင်းချင်းဓာတ်ဆီလောင်း မီးရှို့ခဲ့ကြသောကြောင့် မီးလောင်သေဆုံးခဲ့သည်။

သတင်း – May

ဓါတ်ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ