မိုးညှင်းမြို့နယ်၊ နန်းမားဘူတာတွင် ယမန်နေ့ ညနေ ၅ နာရီခန့်က ပြေးဆွဲခြင်းမရှိဘဲ ရပ်ထားသည့် ရထားသုံးတွဲ  မီးလောင်ပျက်စီးခဲ့ကြောင်းသိရသည်။

မန္တလေး – မြစ်ကြီးနား ပြေးဆွဲသည့် ခရီးသည်တင်ရထားတွဲကို စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပြေးဆွဲခြင်းမရှိဘဲ နန်းမားဘူတာတွင် ရပ်နားထားရာ မီးလောင်ခဲ့ခြင်းဖြစ်သည်ဟု မျက်မြင်တွေ့ရှိခဲ့သည့် CDM မီးရထားရုံပိုင်တစ်ဦးက The 74 Media ကိုပြောသည်။

“ဘူတာခေါင်တည့်တည့်မှာ ရွာအရှေ့ခြမ်းနဲ့အနောက်ခြမ်းဘက်ကို ဖြတ်တဲ့လမ်းရှိတယ်။ အဲဒီဖြတ်လမ်းကို တွဲဆိုင်းပိတ်ထားတဲ့အခါကျတော့ လမ်းဖြတ်လို့ရအောင်ဆိုပြီးဟိုဘက်တစ်ဖြတ် ဒီဘက်တစ်ဖြတ် မိုးညှင်းဘက်က အခြမ်းမှာက သုံးတွဲရှိတယ် မြစ်ကြီးနားဘက်အခြမ်းမှာကြတော့ ငါးတွဲရှိတယ်။ လောင်နေတုန်းမှာငြိမ်းလို့မရလို့ ကျန်တဲ့နှစ်တွဲကိုထပ်ဖြတ်ပြီးတော့ မြစ်ကြီးနားဘက်ကိုတွန်းလိုက်တာ။ သုံးတွဲပဲ လောင်သွားတာပေါ့” ဟုဆိုသည်။

ခရီးသည်တင်ရထား၏ ရိုးရိုးတန်းနှစ်တွဲနှင့် အထက်တန်းတစ်တွဲ စုစုပေါင်းသုံးတွဲ မီးလောင်ပျက်စီးသွားခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါမီးရထားတွဲများမှာ အသုံးမပြုဘဲ ရပ်နားထားသည်မှာ ကြာမြင့်ပြီဖြစ်ပြီး မူးယစ်ဆေးသုံးစွဲသူများ ဝင်ရောက်နေထိုင်လေ့ရှိကာ ယခင်ကလည်း ရထားတွဲအတွင်း မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း နန်းမားဒေသခံ အမျိုးသမီးတစ်ဦးကဆိုသည်။

“ရပ်ထားတာလည်းကြာပြီ လုံလည်းလုံခြုံဆိုတော့အဲဒီတွဲထဲမှာလေ ဟိုးတစ်နှစ်မိုးတွင်းကတည်းကနေ ဖိုးသမားတွေက အဲဒီထဲမှာပဲနေပြီး ညဘက်မိုးတအားရွာပြီဆို ဟိုအိမ်ဖောက်၊ ဒီဆိုင်ဖောက်နဲ့ အဲဒီလိုမျိုးနေကြတဲ့အခါကျတော့။ တွဲထဲမှာခုံတွေတောင် မီးလောင်ထားတာ။ အခုကျတော့ နွေဆိုတော့ အားကြီးသွားတာပေါ့။ မိုးတုန်းကတော့သူတို့ငြိမ်းလိုက်နိုင်တယ်” ဟုဆိုသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် မီးရထားဝန်ထမ်းများက အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM လှုပ်ရှားမှုတွင် ပါဝင်ခဲ့ကြပြီး မြစ်ကြီးနား – မန္တလေးရထားလမ်းတစ်လျှောက်တွင်လည်း တိုက်ပွဲများဖြစ်ပွားခဲ့သဖြင့် မီးရထားပြေးဆွဲခြင်းမရှိဘဲ ရပ်နားထားသည်မှာ သုံးနှစ်နီးပါးရှိလာပြီဖြစ်သည်။

ကချင်ပြည်နယ်အတွင်း မြစ်ကြီးနား – မိုးကောင်း ခေါက်ပြန်ခရီးစဉ်တစ်ခုသာပြေးဆွဲပြီး ထိုခရီးစဉ်မှာလည်း ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့မှ ပြန်လည်စတင်ပြေးဆွဲခဲ့ခြင်းဖြစ်သည်။

သတင်း – Thu Ta

ဓါတ်ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ