KIA ဌာနချုပ် လိုင်ဇာအနီးမှ ဗျူဟာအရအရေးပါသော နာဖော့စစ်ကောင်စီစခန်းကို ယနေ့ နံနက်ပိုင်းက KIA ပူးပေါင်းတပ်ကသိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုများပြုလုပ်နေကြောင်းသိရသည်။

နာဖော့စခန်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များမရှိတော့ဘဲ စစ်ကောင်စီတပ်က စခန်းအတွင်းလေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများပြုလုပ်နေကြောင်း KIA အရာရှိတစ်ဦးက The 74 Media ကိုပြောသည်။

“စစ်ကောင်စီစစ်သားတွေမရှိတော့ဘူး။ အားလုံးကျွန်တော်တို့သိမ်းနိုင်ပြီ။ အခုနေရာတွေရှင်းလင်းရေးလုပ်နေပြီ။ သတင်းရေးလို့ရပြီ သိမ်းနိုင်ပြီဆိုတော့၊ လေယာဉ်တွေတော့ဗုံးကြဲနေတုန်းပဲ။ လက်နက်ခဲယမ်းကတော့ တော်တော်လေးသိမ်းနိုင်တယ်” ဟုဆိုသည်။

နာဖော့စခန်းကို KIA ပူးပေါင်းတပ်က လွန်ခဲ့သည့် လေးရက်ခန့်မှစတင်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်က လေကြောင်းပစ်ကူအများအပြားရယူကာ ခုခံနေသည့်ကြားမှ သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီစခန်းကို ယနေ့ နံနက်ပိုင်းက သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီး ထွက်ပြေးသွားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များရှိသကဲ့သို့ သေဆုံးသွားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များလည်းရှိကြောင်း အခြား KIA အရာရှိတစ်ဦးကဆက်ပြောသည်။

“နာဖော့က ကျွန်တော်တို့လက်ထဲဟုတ်ပြီ။ ကျွန်တော်တို့ကို ဒုက္ခပေးနေတဲ့လက်နက်ကြီးလည်းကျွန်တော်တို့လက်ထဲဟုတ်ပြီ။ အထဲကိုမှာ ယမ်းတွေပါတွေရှိသေးလား အခြေအနေစစ်ဆေးနေတုန်းဟုတ်တယ်”ဟုဆိုသည်။

စခန်းသိမ်းတိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်ကျဆုံးမှုအခြေအနေကို မသိရှိရသေးပါ။

နာဖော့စခန်းအနီးမှ ၆၆၆၇ စခန်းနှင့် ရင်ဆိုင်ကုန်းဆိုသည့် စခန်းနှစ်ခုကို မတ်လ ၁၉ ရက်နေ့က တိုက်ခိုက်သိမ်းပိုက်ချိန်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးသေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

လက်ရှိတွင် နာဖော့စခန်းအနီးရှိ အူဂါရှန်နှင့် အူလောကောင်စစ်ကောင်စီစခန်းတို့ကို ဆက်လက်တိုက်ခိုက်နေကြောင်းသိရသည်။

မတ်လ ၇ ရက်နေ့က စတင်ခဲ့သော KIA ပူးပေါင်းတပ်၏စစ်ဆင်ရေးအတွင်း စစ်ကောင်စီစခန်း ၃၀ ကျော် သိမ်းဆည်းခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးရာကျော် အရှင်ဖမ်းမိခဲ့ကြောင်းသိရသည်။

သတင်း – Doi Awng ၊ David

သင့်ထင်မြင်ချက်ရေးပေးပါ