တိုက်ပွဲကြောင့် မြစ်ကြီးနား – ပူတာအိုလမ်းပိတ်သည့်ကာလ ကြာမြင့်လာပြီးနောက် ပူတာအိုမြို့ရှိ ဈေးဆိုင်အချို့တွင် စားသောက်ကုန်များ ပြတ်လပ်နေကြောင်း သိရသည်။

စားသောက်ကုန်များပြတ်လပ်နေသည်သာမက စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့ကလည်း ငါးဖမ်းခွင့်ပိတ်ထားသည်ဟု အသက် ၄၀ ခန့်အရွယ် ဒေသခံအမျိုးသမီးတစ်ဦးက The 74 Media ကိုပြောသည်။

“ကုန်ဈေးနှုန်းတက်၊ မတက်ကတော့ ပြောရမယ့်အချိန်တောင်မဟုတ်တော့ဘူး။ ကြက်ဥတစ်လုံး တစ်ထောင်ပြောတာ အရမ်းရှာရခက်တယ်။ ဒေသငါးတွေလည်း ပြတ်နေတယ်။ တိုက်ပွဲဖြစ်ပြီးနောက်ပိုင်း ပြည်သူ့စစ်တွေက ဒေသခံတွေကို မလိခမြစ် အောက်ဘက်ဆင်းပြီး ငါးမဖမ်းခိုင်းတော့ဘူး။ တောတွေဘက်မှာလည်း အသားတွေသွားမပစ်ကြတော့ ဒေသထွက်တွေလည်းပြတ်တာ” ဟုပြောသည်။

ပူတာအိုမြို့မဈေးတွင် အသား၊ ငါး ရောင်းချသည့် ဆိုင်များပိတ်ထားပြီး အခြားစားသောက်ကုန်များလည်း ဈေးနှုန်းအဆမတန်ကြီးမြင့်နေသောကြောင့် ဝယ်မစားနိုင်ကြောင်း အစိုးရဝန်ထမ်းတစ်ဦးကပြောသည်။

“CP ကြက်၊ ငါးတွေလည်းဘာမှမရှိပါဘူး။ ဒီတိုင်းပဲ(အသားငါးတန်း)လည်း တိတ်ဆိတ်လို့။ ကုန်ဈေးနှုန်းတွေ တက်သွားလို့ မဝယ်နိုင်လို့ ဆီမစားရတာလည်း အတော်ကြာနေပြီ။ ကြက်ဥတစ်လုံးတောင် တစ်ထောင်ဖြစ်နေပြီး ကုန်ဈေးနှုန်းတွေ အဆမတန်တက်နေတော့ အရမ်းခက်ခဲသွားတာပေါ့” ဟုပြောသည်။

ဒေသခံပြည်သူများက ဒေသထွက်စားသောက်ကုန်များကို အဓိကထား စားသုံးကြသော်လည်း မြစ်ကြီးနားမြို့မှ ဝယ်ယူသုံးစွဲရသည့် ကုန်ပစ္စည်းများဖြစ်သည့် အိမ်ဆောက်ပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများလည်း ပြတ်လပ်နေကြောင်း ဒေသခံများ၏ ပြောပြချက်အရသိရသည်။

ပူတာအိုခရိုင်အတွင်း ဖုန်းလိုင်းအချို့ ပြတ်တောက်နေသော်လည်း အချို့ကျေးရွာများတွင် ဖုန်းငွေဖြည့်ကတ် တစ်ထောင်တန်ကို တစ်ထောင့်ငါးရာခန့်ဖြင့် ဝယ်ယူသုံးစွဲနေရကြောင်း ကျပန်းလုပ်ကိုင်သူ အမျိုးသားတစ်ဦးက ပြောသည်။

“ရွာတိုင်းလိုလိုမှာဖြစ်နေတာ ဖုန်းဘေလ်လည်းအရမ်းရှာရခတ်နေပြီ။ အခုချိန်မှာက MPT နဲ့ Telenor ပဲ လိုင်းနည်းနည်းကောင်းတာလေ။ အခုဖုန်းဘေလ်ပြတ်နေတာက MPT ပိုဆိုးတယ်။ ပူတာအိုမြို့ပေါ်က တချို့လူတွေကတော့ Kpay နဲ့ပဲထည့်ကြတာလေ ဒါပေမဲ့ Kpay နဲ့ထည့်လည်း သုံးထောင်ဖိုးမဟုတ်ရင်တော့ မထည့်ပေးဘူး” ဟုပြောသည်။

ကချင်လွတ်မြောက်ရေးတပ် (KIA) နှင့် စစ်ကောင်စီတပ်တို့ မြစ်ကြီးနား – ပူတာအိုလမ်းရှိ ဆွမ်ပရာဘွမ်မြို့နယ်တွင် တိုက်ပွဲစတင်ဖြစ်ပွားခဲ့သည့် မတ်လ ၉ ရက်နေ့မှစတင်ကာ ယနေ့အထိ လမ်းပိတ်ထားခြင်းဖြစ်သည်။

မြစ်ကြီးနားမြို့နှင့် ပူတာအိုမြို့သည် မိုင်ပေါင်း ၂၀၀ ကျော်ကွာဝေးပြီး ကားဖြင့် တစ်နေ့ခန့် သွားရသည်။

ပူတာအိုမြို့နယ်ရှိ နောင်ခိုင်စက်လှေဆိပ်ကိုလည်း ခေါင်းလန်ဖူးဌာနေပြည်သူ့စစ် တပ်ဖွဲ့ဝင်များက မတ်လ ၈ ရက်နေ့မှစတင်ကာ အတက်အဆင်းအားလုံးပိတ်ထားကြောင်း သိရသည်။

၂၀၁၄ သန်းခေါင်စာရင်းအရ ပူတာအိုမြို့နယ်တွင် လူဦးရေ ခြောက်သောင်းကျော်ခန့်နေထိုင်းပြီး စားဝတ်နေရေးအတွက် စိုက်ပျိုးရေးနှင့် သဘာဝဆေးမြစ်ရှာဖွေသည့်လုပ်ငန်းကို အဓိကလုပ်ကိုင်နေကြောင်း သိရသည်။

သတင်း – May

ဓါတ်ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ