ရှမ်းနီအမျိုးသားများတပ် (SNA) စစ်ကြောင်း ယမန်နေ့ နံနက် ၁၁ နာရီခန့်က မိုးညှင်းမြို့နယ်၊ ဟိုပင်မြို့တွင် ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခံရသဖြင့် နှစ်ဦးသေဆုံးပြီး သုံးဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိကြောင်း သိရသည်။

အင်အား ၅၀ ခန့်ပါရှိသည့်စစ်ကြောင်းကို မြို့အဝင်နန့်စွန်းရပ်ကွက်အနီးတွင် ဒရုန်းဖြင့် ဗုံးသုံးလုံးချ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဟိုပင် KPDF တပ်ဖွဲ့ဝင်တစ်ဦး က The 74 Media ကိုပြောသည်။

“သူတို့ ရှမ်းနီတပ်တွေဒီဘက်ကို စစ်ကြောင်းထိုးလာတာလေ။ အဲဒီအချိန်မှာ ဒီဘက်ကနေပြီးမှအရင်ဆုံး လက်ဦးလိုက်တဲ့ပုံစံပေါ့။ ဒရုန်းမှတ်တမ်းထဲမှာတော့သေတာ နှစ်ယောက်တွေ့မိတယ်။ ပြီးတော့ဆက်လိုက်ကြည့် တာတော့ ဒဏ်ရာရတဲ့သုံးယောက်ကတော့မြစ်ကြီးနားဘက်ကိုပို့လိုက်ပြီတဲ့။ စစ်ကောင်စီတွေတော့မတွေ့ဘူး။ ရှမ်းနီတွေပဲပါတယ် ပျောက်ကြားဝတ်စုံတွေနဲ့” ဟုဆိုသည်။

အဆိုပါတိုက်ခိုက်ခံရမှုတွင် စစ်ဝတ်စုံဝတ်ဆင်ထားသည့် SNA တပ်ဖွဲ့ဝင်နှစ်ဦးနှင့် အရပ်ဝတ် ဝတ်ဆင်ထားသူ တစ်ဦးသေဆုံးခဲ့ပြီး အရပ်သားဟုတ်၊ မဟုတ်အတည်မပြုနိုင်ကြောင်း မျက်မြင်တွေ့ရှိခဲ့သည့် ဟိုပင်မြို့ခံတစ်ဦးက ဆိုသည်။

“ဖြစ်တာကတော့ မိုးကောင်းကနေ ဟိုပင်အဝင်နားမှာပေါ့။ သူတို့ဘက်က စစ်သားနှစ်ယောက်နဲ့ အရပ်သား တစ်ယောက်ပေါ့သေတယ်။ အရပ်သားက ရိုးရိုးအရပ်သားပဲလား ဒါမှမဟုတ် ရှမ်းနီပြည်သူ့စစ်ပဲလားတော့မသိဘူး အရပ်ဝတ်နဲ့ပေါ့။ ကျန်တဲ့နှစ်ယောက်ကတော့ ယူနီဖောင်းနဲ့” ဟုဆိုသည်။

ထို SNA စစ်ကြောင်းမှာ ဒရုန်းဖြင့်တိုက်ခိုက်ခံရပြီးနောက် ပြည်လည်ဆုတ်ခွာသွားကြောင်းသိရသည်။

ပြီးခဲ့သည့်ဖေဖော်ဝါရီလ ၂၈ ရက်နေ့ကလည်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီနှင့် SNA ပူးပေါင်းတပ်တို့ နန့်ရင်းကျေးရွာအနီးတွင် KPDF တပ်ဖွဲ့ဝင်များ၏ ကြားဖြတ်တိုက်ခိုက်ခံခဲ့ရပြီး သုံးဦးထက်မနည်းသေဆုံးခဲ့သည်။

ဟိုပင်မြို့မှ ဆင်ဘိုမြို့အထိသွားလာနိုင်သည့် လမ်းပေါ်ရှိ နန့်ရင်းကျေးရွာ ချောင်းကူးတံတားထိပ်ကို စစ်ကောင်စီနှင့် SNA ပူးပေါင်းတပ်က ဘက်ဟိုးဖြင့် ရှစ်ပေခန့်နက်သည့် ကျင်းများတူးကာ ဖြတ်သန်းသွားလာမရအောင်ပြုလုပ်ခဲ့သည်။

သတင်း – Thu Ta

သင့်ထင်မြင်ချက်ရေးပေးပါ