တိုက်ပွဲပြင်းထန်နေသောကြောင့် ဝိုင်းမော်မြို့နယ်မှ ထွက်ပြေးတိမ်းရှောင်နေသည့် စစ်ရှောင်ကျေးရွာများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များက နေအိမ်များဖောက်ထွင်းခိုးယူမှုများရှိနေကြောင်း သိရသည်။

တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေသည့် အောင်မြေ (၁)၊ အောင်မြေ (၂)နှင့် ရွှေညောင်ပင်ကျေးရွာရှိ ဒေသခံများ၏ နေအိမ်များကို စစ်ကောင်စီတပ်နှင့် ဦးရွှေမင်းပြည်သူ့စစ်တပ်ဖွဲ့ဝင်များက တံခါးများကိုဖျက်ဆီးကာ ဆန်၊ ဆီနှင့် စားသောက်ကုန်များ ခိုးယူသွားသည်ဟု အမည်မဖော်လိုသူ ရွှေညောင်ပင်ဒေသခံတစ်ဦးက The 74 Media ကို ပြောသည်။

“ခိုးယူခံနေရတာတော့ သုံးရွာလုံးမှာဖြစ်နေတယ်။ ပြည်သူ့စစ်တပ်သားကိုယ်တိုင်က ဖုန်းဆက်ပြီးပြောလာတာ နင်တို့စစ်ရှောင်စခန်းက စားစရာတွေကိုတော့ ကျွန်တော်တို့ယူစားလိုက်ပြီ တခြားပစ္စည်းတွေတော့ ဘာမှမယူဘူးလို့ပြောတာ။ ရွှေညောင်ပင်မှာလည်း ရွာစောင့်ဖို့ကျန်ခဲ့တဲ့သူတွေက ဆိုင်ရှင်ကိုခွင့်တောင်းပြီး ဆိုင်မှာစားစရာသွားယူဖို့သွားတော့ စစ်သားတွေက ဆိုင်ထဲကဘီယာတွေသောက်ပြီးနေနေကြတာတဲ့။ အောင်မြေ(၂)လည်းဖောက်ခံနေရတယ်လို့ကြားနေရတယ်” ဟု ပြောသည်။

နေအိမ်ရှိပစ္စည်းများခိုးယူခံနေရခြင်းကြောင့် ဒေသခံအချို့နေရပ်ပြန်လိုသော်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကျေးရွာအတွင်း အကန့်အသတ်ဖြင့်သာဝင်ရောက်ခွင့်ပြုကြောင်း အခြားဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။

“ရွာထိပ်မှာက သူတို့တွေရှိတယ်လေ။ စစ်သားရော၊ ရဲရော၊ ပြည်သူ့စစ်ရောအစုံပဲ။ ဒီနေ့သွားပြီးရင်တော့ မနက်ဖြန်ဆိုရင်ပြန်မလာနဲ့လို့ပြောတာလေနော့်။ တစ်ခါဝင်ပြီးလို့ ပြန်ထွက်ရင် ပြန်မဝင်ခိုင်းတော့ဘူးလေ။ ဝင်တာလည်းတစ်ခါတလေမှရတာ အမြဲတမ်းမရဘူး။ တစ်ခါသွားရင်နှစ်ယောက်၊ သုံးယောက်အဲဒီလောက်ပဲ” ဟုဆိုသည်။

ပြီးခဲ့သည့် မတ်လ ၁၈ ရက်နေ့က အောင်မြေ (၁)ကျေးရွာတွင် နေအိမ်နှစ်လုံးမီးရှို့ခံရပြီး ရွှေညောင်ပင်ကျေးရွာတွင် လက်နက်ကြီးကျရောက် ပေါက်ကွဲမှုကြောင့် နေအိမ်တစ်လုံးမီးလောင်ပြာကျသွားကြောင်း ဒေသခံအမျိုးသမီးတစ်ဦးကဆက်ပြောသည်။

“အိမ်မီးရှို့ခံရတာတွေတော့ အများကြီးကြားနေရပေမဲ့ အတိအကျသိတာတော့ အောင်မြေ (၁)မှာရှိတဲ့ အိမ်နှစ်လုံးကို မီးရှို့လိုက်တယ်တဲ့။ ဘာကြောင့် ရှို့မှန်းတော့မသိဘူး။ မနေ့ကလည်း ရွှေညောင်ပင်မှာ လက်နက်ကြီးကျလို့ အိမ်တစ်အိမ်လောင်သွားတယ်တဲ့။ အတိအကျသိတာတော့ အဲ့ဒါပါပဲ။ ကတုတ်ကျင်းရှိတဲ့အိမ်တွေကိုလည်း KIA နဲ့ ပတ်သက်မှုရှိတယ်ဆိုပြီး ရှို့ခံရတာတွေလည်းရှိနေသေးတယ်တဲ့” ဟု ပြောသည်။

နေအိမ်များမီးရှို့ဖျက်ဆီးခံခဲ့ရသည့်အပြင် အောင်မြေ (၂) ကျေးရွာတွင်ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း ဒရုန်းနှင့် ပစ်ခတ်သံများကြောင့် အမောဆို့ကာ သေဆုံးသွားသည့် သက်ကြီးရွယ်အိုအမျိုးသမီး လေးဦးရှိခဲ့ကြောင်းသိရသည်။

အောင်မြေ ၁ ကျေးရွာရှိ အင်လုံခစစ်ကောင်စီစခန်းနှင့် ဦးရွှေမင်းပြည်သူ့စစ်ပူးပေါင်းတပ်စခန်းကို ကချင်လွတ်မြောက်ရေးတပ် KIA ပူးပေါင်းအဖွဲ့က စတင်တိုက်ခိုက်ခဲ့သည့် မတ်လ ၇ ရက်နေ့ကစတင်ကာ အနီးတစ်ဝိုက်ရှိကျေးရွာများမှဒေသခံများမှာ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်သည်။

သတင်း – Zami ၊ Thu Ta

သင့်ထင်မြင်ချက်ရေးပေးပါ