မြစ်ကြီးနားမြို့နယ်၊ တာလောကြီးကျေးရွာနှင့် ဝိုင်းမော်မြို့နယ်၊ စန်းကားကျေးရွာကြားရှိ တံတားတစ်စင်းကို ယမန်နေ့ညနေ ၃ နာရီခွဲခန့်တွင် စစ်ကောင်စီတပ်က မိုင်းခွဲဖျက်ဆီးလိုက်ကြောင်း သိရသည်။

မိုင်းပေါက်ကွဲသံ တစ်ချက်ကြားခဲ့ရပြီးနောက် စန်းကား (Jamga)ကျေးရွာနှင့် ဂါဂျန် (Gajang)ကျေးရွာကြားရှိ တံတားပျက်စီးခဲ့ခြင်းဖြစ်သည်ဟု ကျေးရွာရပ်မိရပ်ဖတစ်ဦးက The 74 Media ကို ပြောသည်။

“စန်းကားရွာအောက်ဘက်က စန်းကားနဲ့ ဂါဂျန်ကြားက တံတားဟုတ်တယ်။ ဆုတောင်းဝတ်ပြုနေတဲ့အချိန် မိုင်းကွဲသံကြားလိုက်တယ်။ တစ်ခါပဲကြားတာ။ အဲ့နောက်ပိုင်း တံတားကျိုးသွားပြီလို့ သတင်းကြားတယ်။ စစ်ကောင်စီတပ်တွေတော့ဟုတ်တယ်တဲ့။ ကုမ္ပဏီတစ်ခုကိုလည်း မီးရှို့လိုက်တယ်လို့တော့ကြားတယ်” ဟု ပြောသည်။

 

တံတားပျက်စီးသွားသောကြောင့် တာလောကြီးကျေးရွာရှိ တစ်သျူးငှက်ပျောခြံများတွင် အလုပ်လုပ်ကိုင်နေသူများ စားနပ်ရိက္ခာသယ်ဆောင်ရန် ခက်ခဲလာနိုင်သည်ဟု အခြားသော ရပ်မိရပ်ဖတစ်ဦးက ပြောသည်။

“တခြားဖြတ်လမ်းတော့ရှိပေမဲ့ ကားတွေသွားလို့အဆင်မပြေဘူး။ ဆိုင်ကယ်နဲ့လူပဲသွားလို့ရတယ်။ ကျိုးတာက စန်းကားရွာအောက်ဘက်ဆိုတော့ ကျိုးသွားတဲ့ ဟိုဘက်ခြမ်းကရွာတွေ ငှက်ပျောခြံလည်းရှိတယ်ဆိုတော့ စားဝတ်နေရေးတော့ ခက်ခဲလာမယ်လို့ထင်တယ်” ဟုပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၅ ရက်နေ့ နံနက်ပိုင်းတွင်လည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် မံစီမြို့နယ်၊ စီအူကျေးရွာရှိ တံတားနှစ်စင်း ထိခိုက်ပျက်စီးခဲ့သည်။

မြစ်ကြီးနား – ဗန်းမော်လမ်းတစ်လျောက်တွင် စစ်ကောင်စီတပ်နှင့် ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်တို့ကြား တိုက်ပွဲပြင်းထန်နေပြီး ဝိုင်းမော်မြို့နယ်အတွင်း စစ်ကောင်စီတပ်က မကြာခဏ လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်နေသည်။

သတင်း – Zami

သင့်ထင်မြင်ချက်ရေးပေးပါ