အမည်မသိလူတစ်စုက သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်သွားသည့် ဘာသာရေးဆရာဟောင်း ဦးနမ်မြဲခွန်ဂျော်လီ၏ နာရေးဆုတောင်းပွဲ ယနေ့မွန်းတည့် ၁၂ နာရီခန့်က မြစ်ကြီးနားမြို့၊ နောင်နန်းအုပ်စုရှိ ကချင်ခရစ်ယာန်ဓမ္မတက္ကသိုလ် (KTCS) တွင်ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆရာခွန်ဂျော်လီသတ်ဖြတ်ခံခဲ့ရခြင်းမှာ ကချင်လူထုအတွက်ကြီးမားသည့် ဆုံးရှုံးမှုဖြစ်သည်ဟု နာရေးဆုတောင်းပွဲတက်ရောက်သည့် အသက် ၄၀ အရွယ်ဘာသာရေးဆရာတစ်ဦးက The 74 Media ကိုပြောသည်။

“သူသေဆုံးတာကြောင့် ကျွန်တော်တစ်ဦးရဲ့အမြင်နဲ့ပြောရမယ်ဆိုရင် နှမြောတယ်။ ကချင်လူထုကို အဘက်ဘက်ကစည်းရုံးရေးတွေလုပ်တာအရမ်းကောင်းတယ်။ အခုလိုသေဆုံးသွားတော့ ဆုံးရှုံးနစ်နာ၊ ခံလည်းခံစားရတယ်။ သူအသက်ရှင်နေတဲ့အချိန် တရားမျှတမှုတွေ မှန်ကန်တဲ့ဘက်ကို ရဲရဲရပ်တည်ပြီး မကြောက်မရွံ့ပြောဆိုနိုင်တာရှားသွားပြီ” ဟုပြောသည်။

ကချင်လူငယ်များကို မူးယစ်ဆေးဝါးတိုက်ဖြတ်ရေးနှင့် လူမျိုးရေးလှုပ်ရှားများတွင် ပါဝင်နိုင်ရန်နှိုးဆော်နိုင်ခဲ့သည့် ဟောပြောမှုများသည့် သမိုင်းအဖြစ်ကျန်ရှိနေမည်ဟု နာရေးဆုတောင်းပွဲတွင်ပါဝင်သည့် အခြားလူငယ်တစ်ဦးက ပြောသည်။

“သူ့ရဲ့ကချင်လူထုအပေါ်လုပ်ဆောင်နိုင်တဲ့အချက်တွေက သမိုင်းပဲ။ လူသာသေသွားရင်လည်း နာမည်ကမှတ်တမ်းအဖြစ်ကျန်ရှိနေတော့မှာ၊ အခုလည်း နိုင်ငံရေးအခြေအနေမကောင်းတဲ့အချိန်၊ ဒီနေ့တောင်ဒီနောင်နန်းဘက်က စစ်ကောင်စီရဲတွေလမ်းပေါ်စစ်ဆေးတဲ့အချိန်တောင် လူတွေက အများကြီးရောက်လာကြတယ်။ သူပါဝင်သွားတာက သူ့နာရေးမှာအဖွဲ့အစည်းအများကြီးလာတာကို ကြည့်ရင် တော်တော်လေးလုပ်ဆောင်သွားနိုင်တယ်” ဟုပြောသည်။

ရုပ်အလောင်းကို မြစ်ကြီးနားမြို့နယ် နောင်နန်းအုပ်စုရှိ ဝန်ပေါင်ခရစ်ယာန်သုသာန်တွင် မြှုပ်နှံသင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။

အသက် ၄၇ နှစ်အရွယ် KBC အမှုတော်ဆရာဟောင်း ဆရာခွန်ဂျော်လီကို ပြီးခဲ့သည့် မတ်လ ၁၈ ရက်နေ့က နေအိမ်တွင် အမည်မသိအမျိုးသားသုံးဦးက သေနတ်ဖြင့်အနီးကပ်ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။

KBC အမှုတော်ဆောင်ဟောင်းဆရာခွန်ဂျော်လီသေဆုံးမှုအတွက် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်မှ KBC KACHIN PAGE တွင်တင်ပေးခြင်းမရှိသောကြောင့် လူမှုကွန်ရက်စာမျက်နှာတွင် ဝေဖန်မှုများရှိခဲ့သည်။

တင်း – Doi Awng

ဓါတ်ပုံ – The 74 Media

သင့်ထင်မြင်ချက်ရေးပေးပါ