ဝိုင်းမော်မြို့နယ် လိုင်ဇာမြို့အနီး ကျန်ရှိနေသည့် စစ်ကောင်စီစခန်းအနည်းငယ်အနက် စစ်ရေးအရအရေးပါသည့် နာဖော့စစ်ကောင်စီတပ်စခန်းကို KIA ပူးပေါင်းတပ်ဖွဲ့က ယခုရက်ပိုင်းအတွင်း ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်နေသောကြောင့် တိုက်ပွဲများပြင်းပြင်းထန်ထန်ဆက်လက်ဖြစ်ပွားနေကြောင်း သိရသည်။

နာဖော့စခန်းကို KIA ပူးပေါင်းတပ်က လွန်ခဲ့သည့် သုံးရက်ခန့်မှစတင်တိုက်ခိုက်နေပြီး စစ်ကောင်စီတပ်က လေကြောင်းပစ်ကူအများအပြားရယူကာ ခုခံနေသည်ဟု KIA သတင်းရင်းမြစ်တစ်ဦးက The 74 Media ကိုပြောသည်။

“လေယာဉ်တော့ ဒီမနက် တစ်ခေါက်လာတယ်၊ နှစ်ကြိမ်ဗုံးကြဲခဲ့တယ်။ သူတို့ရဲ့ နဖော့တပ်စခန်းအထဲမှာကို ကြဲချသွားတာ။ ကြည့်ရတာ သူတို့အထဲမှာမရှိတော့ဘူးထင်တယ်။ အခုလည်း ပစ်နေကြတုန်းပဲ၊ အသံတောင်ကြားနေရတယ်” ဟုဆိုသည်။

နာဖော့စခန်းအနီးမှ ၆၆၆၇ စခန်းနှင့် ရင်ဆိုင်ကုန်းဆိုသည့် စခန်းနှစ်ခုကို ယမန်နေ့က သိမ်းပိုက်ခဲ့ပြီး လက်ရှိတွင် စစ်ကောင်စီတပ်၏ အူဂါရှန်၊ အူလောကောင်နှင့် နာဖော့စခန်းတို့ကို တိုက်ခိုက်နေကြောင်းသူကဆိုသည်။

KIA ပူးပေါင်းတပ်ဖွဲ့တို့မှ စခန်းကိုဝိုင်းဝန်းပိတ်ဆို့ထားပြီး တိုက်ခိုက်နေကြောင်း KIA အရာရှိတစ်ဦးကဆက်ပြောသည်။

“မနေ့က စခန်းထဲမှာ တအားလောင်တာ လက်နက်ဂိုဒေါင်တွေထင်တယ် အကုန်ပေါက်ကွဲမီးလောင်သွားတာ။ အခုအကုန်ဝိုင်းထားပြီ။ စခန်းကို သိမ်းနိုင်မယ်လို့တော့ထင်တယ်” ဟုဆိုသည်။

တိုက်ပွဲအတွင်းနှစ်ဖက်ထိခိုက်ကျဆုံးမှုအခြေအနေကို မသိရသေးပါ။

နာဖော့စခန်းအနီးမှ စခန်း ၂ ခုအားတိုက်ခိုက်သိမ်းပိုက်ခဲ့သည့်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးသေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မတ်လ ၇ ရက်နေ့က စတင်ခဲ့သော KIA ပူးပေါင်းတပ်၏စစ်ဆင်ရေးအတွင်း စစ်ကောင်စီစခန်း ၃၀ ကျော် သိမ်းဆည်းခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးရာကျော် အရှင်ဖမ်းမိခဲ့ကြောင်းသိရသည်။

သတင်း – David ၊ Pan Soon

သင့်ထင်မြင်ချက်ရေးပေးပါ