စစ်ကောင်စီတပ်နှင့် ဆွမ်ပရာဘွမ်မြို့တွင် ဖြစ်ပွားနေသော တိုက်ပွဲအတွင်း ကချင်လွတ်မြောက်ရေးတပ် (KIA)ပူးပေါင်းတပ်မှ တပ်ဖွဲ့ဝင်သုံးဦး ကျဆုံးခဲ့ကြောင်းသိရသည်။

တိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီတပ်က လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခဲ့သည့် မတ်လ ၁၇ ရက်နေ့ ကျဆုံးခဲ့ခြင်းဖြစ်သည်ဟု ရှေ့တန်းသတင်းအရင်းအမြစ်က The 74 Media ကိုပြောသည်။

“KPDF ကတစ်ယောက်ကတော့ ခေါင်းမှာထိပြီးဆုံးသွားတာ၊ KIA အဖွဲ့ကလည်း တိုက်ပွဲအတွင်းမှာပဲ ကျည်ထိပြီးဆုံးတာ။ ဆုံးသွားတာက တနင်္ဂနွေနေ့ဟုတ်တယ် အဲ့နေ့ကသူတို့လေကြောင်း တိုက်ခိုက်မှုတွေလည်း တစ်နေကုန်နီးလုပ်သွားတာ” ဟုပြောသည်။

ကျဆုံးခဲ့သည့် KIA တပ်ဖွဲ့ဝင်နှစ်ဦးနှင့် KPDF တပ်ဖွဲ့ဝင်တစ်ဦးတို့မှာ အသက် ၂၀ ကျော်ခန့်အရွယ် လူငယ်များသာဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်ချန်နယ်များတွင် ဆွမ်ပရာဘွမ်မြို့တိုက်ပွဲအတွင်း KIA ပူးပေါင်းတပ်ဖွဲ့ဝင် အယောက်သုံးဆယ်ခန့် သေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဖော်ပြထားသည်မှာ သတင်းအမှားသာဖြစ်ပြီး မြေပြင်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသာ အကျအဆုံးများနေကြောင်း  မြေပြင်တပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

“ခဏတောင်သူတို့သေတဲ့အလောင်းကို တပ်စခန်းဘက် မသွားတာတွေ့လိုက်တယ်။ သေနတ်တွေက ကိုယ်တွေကောက်ရတယ်လေ။ အထိအခိုက်လည်းသူတို့ပိုများတယ်။ သေတာလည်း သူတို့ပိုများတယ်။ သူတို့စစ်ကူခေါ်ထားတာလည်း လမ်းတစ်ဝက်မှာ ပစ်ခံရတာနဲ့၊ သေသွားတာနဲ့၊ ပျောက်သွားတာနဲ့ အဲ့လိုပဲများနေတာ” ဟုပြောသည်။

စစ်ကောင်စီတပ်က ဆွမ်ပရာဘွမ်မြို့ရှိ စခန်းမကျရေးအတွက် ကင်းထောက်လေယာဉ်၊ Y12 လေယာဉ်နှင့် တိုက်လေယာဉ်များ အသုံးပြုကာ အပြင်းအထန်ခုခံနေကြကြောင်းသိရသည်။

စစ်ကူလာသော စစ်ကောင်စီတပ်နှင့် ခေါင်လန်ဖူးဌာနေပြည်သူ့စစ် ပူးပေါင်းစစ်ကြောင်းလည်း ပြီးခဲ့သည့် မတ်လ ၁၇ ရက်နေ့က ပူတာအိုမြို့နယ်၊ ဆွမ်ပီယန်ကျေးရွာအနီးတွင် ကြားဖြတ်တိုက်ခိုက်ခံခဲ့ရသည်။

ပြီးခဲ့သည့် မတ်လ ၁၆ ရက်နေ့က ရဲစခန်းနှင့် ဌာနဆိုင်ရာရုံးများကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် KIA ပူးပေါင်းတပ်က မြို့အတွင်း ဝင်ရောက်နေရာယူထားပြီး စစ်ရေးတင်းမာလျက်ရှိသည်။

ဆွမ်ပရာဘွမ်မြို့နယ်၊ မလိယန်စစ်ကောင်စီစခန်းကိုလည်း ပြီးခဲ့သည့် မတ်လ ၉ ရက်နေ့တွင် ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

သတင်း – May

သင့်ထင်မြင်ချက်ရေးပေးပါ