မြစ်ကြီးနားမြို့နယ်၊ ဆင်ဘိုမြို့အနီး တစ်ခုတည်းကျန်သော စစ်ကောင်စီတပ်စခန်းကို ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်ဖွဲ့က ယနေ့မွန်းလွှဲ ၁ နာရီခန့်မှစတင်ကာ ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း သိရသည်။

ဆင်ဘိုမြို့နှင့် သုံးမိုင်ခန့်အကွာရှိ စစ်ကောင်စီခြေလျင်တပ်ရင်း (ခ.လ.ရ) ၁၄၁ တပ်စခန်းကို ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းဖြစ်သည်ဟု KIA တပ်ဖွဲ့ဝင်တစ်ဦးက The 74 Media ကိုပြောသည်။

“ဆင်ဘို ၁၄၁ ကိုပစ်နေတာဟုတ်တယ်။ အခုပစ်နေတာ ခဏတစ်နာရီလောက်ကစပြီးပစ်တာ အခြေအနေကတော့ မထူးသေးဘူး ပစ်နေတုန်းပဲရှိသေးတယ်” ဟုဆိုသည်။

အပြန်အလှန်ပစ်ခတ်တိုက်ခိုက်နေခြင်းဖြစ်ပြီး စစ်ကောင်စီတပ်စခန်းအတွင်းရှိ နေအိမ်နှင့် အဆောက်အအုံများ ထိမှန်ပျက်စီးမှုရှိပြီး တိုက်ပွဲဆက်လက်ပြင်းထန်နေကြောင်း ရှေ့တန်းသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“ဘယ်လောက်ထိ ဝင်နိုင်ပြီလဲတော့ မသိသေးဘူး။ စခန်းထဲက အဆောက်အအုံ၊ အိမ်တွေတော့ ဒရုန်းနဲ့ ကြဲချပြီး ဖျက်ဆီးပေးလိုက်ပြီ ဟုတ်တယ်။ လေယာဉ်လာလို့ ခဏနားနေကြတာ၊ စခန်းထဲထိ ဝင်နိုင်ပြီလားတော့ မသိသေးဘူး” ဟုပြောသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် အဆက်မပြတ်တိုက်ခိုက်နေကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင် အခြားတစ်ဦးက ဆိုသည်။

“အခုထိတော့တိုက်နေတုန်းပဲ အခုလေယာဉ်ကတောက်လျှောက်လာနေလို့” ဟုဆိုသည်။

ဆင်ဘိုမြို့ကို ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်ဖွဲ့က စတင်တိုက်ခိုက်ခဲ့သည့် ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် မြို့အတွင်းရှိ ရဲစခန်းနှင့် ဌာနဆိုင်ရာရုံးများအပါအဝင် မြို့အနှံ့ကို ထိန်းချုပ်နိုင်ခဲ့ပြီး မြို့နှင့်သုံးမိုင်ခန့်အကွာရှိ စစ်တပ်စခန်းတစ်ခုသာကျန်ရှိခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဩဂုတ်လအတွင်းကလည်း အဆိုပါ စစ်ကောင်စီ ခ.လ.ရ (၁၄၁) တပ်စခန်းကို ကချင်လွတ်မြောက်ရေးတပ် (KIA) က သွားရောက်တိုက်ခိုက်ခဲ့သည်။

ဆင်ဘိုမြို့မှာ ယခင်က ကျေးရွာဖြစ်သော်လည်း ၂၀၀၂ ခုနှစ်တွင် မြို့အဖြစ်သတ်မှတ်ခံရပြီး ၂၀၁၄ သန်းခေါင်စာရင်းအရ လူဦးရေ တစ်သောင်းကျော်နေထိုင်ကြောင်း သိရသည်။

သတင်း – Thu Ta၊ Dureng၊ Pan Soon

သင့်ထင်မြင်ချက်ရေးပေးပါ