စစ်မှုထမ်းရန်အတွက် ကချင်ပြည်နယ်ရှိ မြို့နယ်အချို့တွင် စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးများက အသက်ပြည့်ပြီးသူများကို စာရင်းကောက်ယူခြင်း၊ မဲနှိုက်ရွေးချယ်ခြင်းများကို စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း သိရသည်။

ဗန်းမော်မြို့ပေါ်ရပ်ကွက်အချို့တွင် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းမှစတင်ကာ စစ်မှုထမ်းရန် ဆင့်ခေါ်စာများပေးပို့ပြီး အချို့ရပ်ကွက်များတွင် မဲနှိုက်ရွေးချယ်ခြင်းတို့ လုပ်ဆောင်နေခြင်းဖြစ်သည်ဟု မြို့ခံအမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“မဲနှိုက်တဲ့ဟာတွေကရှိတယ်။ တချို့ကျတော့လည်း မဲမနှိုက်တော့ဘူး စစ်တပ်ကခေါ်ချင်ရာခေါ် အဲဒီလိုမျိုးတွေ ဖြစ်နေတာပေါ့။ တချို့ကကျတော့ စစ်မှုထမ်းနိုင်တယ်ဆိုရင်အသက်ကိုသိပ်မကြည့်ဘူး။ တချို့ကျတော့လည်း နှစ်ဆယ်ကျော်ကျော်လေးတွေ မပါဘူး။ သုံးဆယ့်ငါးကပ်ရပ်ကလေးတွေ အဲဒါတွေအဓိကပါတယ်။ အဲဒီလိုမျိုး တွေ” ဟုဆိုသည်။

နောင်ခို၊ မင်းလှနှင့် ရွှေကျီးနားစသည့် ရပ်ကွက်များရှိ အသက် ၃၀ မှ ၃၅ နှစ်အရွယ်အမျိုးသား ၂၅ ဦးကို ဆယ်အိမ်မှူး၊ ရာအိမ်မှူးများမှ မဲနှိုက်ရွေးချယ်ခဲ့ကြောင်း အခြားဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။

“စစ်မှုထမ်းမယ့်အရွယ်ရောက်တဲ့သူတွေ စာရင်းကောက်ပြီးနှိုက်ရတယ်။ မဲနှိုက်ခံရတဲ့လူတွေက မသွားရဘူး။ ဆယ်အိမ်ခေါင်းတွေကိုပဲခေါ်ပြီးမှ မဲနှိုက်လိုက်တာ။ အဲဒါသူတို့ လောလောဆယ်တော့မခေါ်သေးဘူး ဘယ်ချိန်ခေါ်မလဲတော့ မသိသေးဘူး။ မြို့လယ်ခေါင်ကရပ်ကွက်တွေတော့ မပါသေးဘူး။ ဘေးကရပ်ကွက်တွေပေါ့” ဟုဆိုသည်။

မြစ်ကြီးနားမြို့ပေါ်ရပ်ကွက်များတွင်လည်း စစ်မှုထမ်းရန်အသက်ပြည့်သူများ၏ အမည်စာရင်းကောက်ယူရန် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို စစ်ကောင်စီက ယမန်နေ့ကညွှန်ကြားခဲ့ပြီးနောက် ယနေ့ နံနက်ပိုင်းမှစတင်ကာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် သွားရောက်စာရင်းပေးသွင်းနေကြကြောင်း မြို့သစ်ကြီးရပ်ကွက်တွင်နေထိုင်သည့် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“တချို့ကကျတော့ စာရင်းမပေးချင်တဲ့သူကတော့ တခြားနေရာကိုပြောင်းရွှေ့ကျတာပေါ့။ ဒါပေမယ့် မပြေးနိုင်တဲ့သူကကျတော့ မတတ်နိုင်ဘဲစာရင်းသွားပေးရတာပေါ့။ မြို့သစ်ကြီးတို့ ပြီးလို့ရှိရင် ရမ်ပူတို့၊ ခေမာသီရိတို့ အဲဒီဘက်က စာရင်းသွားပေးနေတာတွေတွေ့တယ်။ မှတ်ပုံတင်တွေဘာတွေ ယူသွားရတယ်” ဟုဆိုသည်။

အလားတူ မိုးကောင်းမြို့နယ်၊ ဆားမှော်ကျေးရွာတွင်လည်း စစ်မှုထမ်းရန်အတွက် တစ်ရပ်ကွက်လျှင် နှစ်ယောက်နှုန်းဖြင့် သုံးလတစ်ကြိမ်ခေါ်ယူသွားမည်ဟု ဆားမှော်အုပ်ချုပ်ရေးမှူးက ရွာသားများကို အစည်းဝေးခေါ်ယူကာ ယမန်နေ့ကပြောဆိုခဲ့ပြီး မိမိသဘောဆန္ဒအရ စစ်မှုထမ်းသူလေးဦးရှိသည့်အတွက် နောက်ထပ်ခေါ်ယူမှုများမရှိသေးကြောင်း ဆားမှော်ဒေသခံအမျိုးသားတစ်ဦးကဆိုသည်။

“သူတို့သဘောဆန္ဒအရ တပ်ထဲကိုဝင်သွားတဲ့ဟာ လေးယောက်ရှိတဲ့အတွက် သူတို့ကအခုလနဲ့ နောက်လအတွက် ပြီးသွားတော့ ၆ လပိုင်းလောက်မှပြန်ပြီးတော့ ခွဲတမ်းဘာညာပြန်ပြီးတော့ တောင်းမယ်ပြောတယ်။ အခုလောလောဆယ်ဝင်သွားတဲ့လူစာရင်းရှိတဲ့အတွက် ခွဲတမ်းကို ဝင်သွားတဲ့သူလေးယောက်နဲ့ အစားထိုးလိုက်တဲ့အတွက် ခေါ်မယ်ဆိုတဲ့အစီစဉ်က နောက်ကိုဆုတ်သွားတာပေါ့” ဟုဆိုသည်။

စစ်ကောင်စီတပ်က ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီးနောက် တစ်လခန့်အကြာတွင် မြို့နယ်အလိုက် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များ ဖွဲ့စည်းကာ အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်းရှိ အမျိုးသားများ၏ အမည်စာရင်းများကိုကောက်ခံနေခြင်းဖြစ်သည်။

ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၁၀ ခုနှစ် နိုဝင်ဘာလ ၄ ရက်နေ့တွင် ပြဌာန်းခဲ့ပြီး ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့က အာဏာတည်ကြောင်း သတ်မှတ်ခဲ့ကာ လာမည့်ဧပြီလမှစတင် အကောင်ထည်ဖော်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း စစ်ကောင်စီတပ်က ကြေညာထားသည်။

သတင်း – Thu Ta

ပုံ – စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ (ပုံဟောင်းဖြစ်သည်)

သင့်ထင်မြင်ချက်ရေးပေးပါ