တနိုင်းမြို့နယ်တွင် KIA က ယမန်နေ့မှ စတင် ထိုးစစ်ဆင်တိုက်ခိုက်နေသည့် စခန်းကို ည ၈ နာရီခန့်က အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

တနိုင်းမြို့မှ ၁၀ မိုင်ခန့်အကွာရှိ နမ်ဂေါန်ကျေးရွာ (Namgawn Mare) ရှိ ရွှေမှော်တွင် စခန်းချနေထိုင်သည့် စစ်ကောင်စီခြေလျင်တပ်ရင်း (ခ.လ.ရ) ၂၉၇ စခန်းလက်အောက်ရှိ စခန်းတစ်ခုကို တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း KIA ရှေ့တန်းသတင်းရင်းမြစ်တစ်ဦးက The 74 Media ကိုပြောသည်။

“မနေ့ည ပိုင်းမှာမှ အပြီးသိမ်းပိုက်နိုင်ခဲ့တယ်။ စခန်းကိုလည်း မီးရှို့ဖျက်ဆီးထားနိုင်ခဲ့ပြီ။ မနေ့ကတော့ လေယာဉ်နဲ့လည်းဗုံးလာကြဲတယ်။ ထိခိုက်သေဆုံးမှုတွေကတော့ နောက်မှသိရမှာ၊ အခုတော့မသိနိုင်သေးဘူး။ တိုက်ပွဲကမပြီးသေးဘူး။ အခုပိုပြင်းထန်လာဖို့ပဲရှိတယ်” ဟုပြောသည်။

စစ်ကောင်စီစခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ယမန်နေ့ည ၁၀ နာရီအချိန်ခန့်က တနိုင်းမြို့စစ်ကောင်စီစခန်းမှ လက်နက်ကြီးနှင့် နမ်ဂေါန်ကျေးရွာကို နှစ်ကြိမ်ပစ်ခတ်ကြောင်း တနိုင်းဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“လက်နက်ကြီးပစ်သံက တော်တော်လည်းကျယ်တယ်။ အခုသိမ်းပိုက်နိုင်တာက ပယင်းမှော်ဘက်မျက်နှာမူပြီးချထားတဲ့စခန်းငယ်ဟုတ်တယ်။ အင်အားလည်း ၃၀ ကျော်လောက်တော့ရှိမှာ၊ အခုအဲ့စခန်းသိမ်းပိုက်ပြီးရင်တော့ စခန်းကြီး ၂၉၇ ကိုပြန်ထိုးစစ်ဆင်လာနိုင်တယ်။ တနိုင်းကတော့ အခြေအနေဆိုးလာနိုင်တယ်” ဟုပြောသည်။

အဆိုပါတပ်စခန်းကို ကချင်လွတ်မြောက်ရေးတပ် (KIA) တပ်မဟာ (၂) ခုပူးပေါင်းကာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စခန်းသိမ်းတိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်ကျဆုံးမှုကို မသိရှိရသေးပါ။

ပြီးခဲ့သည့် ဇန်နဝါရီလ ၂၉ ရက်နေ့ကလည်း တနိုင်းမြို့နယ် ဒရူကျေးရွာရှိ စစ်ကောင်စီခြေလျင်တပ်ရင်း (ခ.လ.ရ – ၈၆) တပ်စခန်းကို ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။

သတင်း – Doi Awng

ဓါတ်ပုံ – ရှေ့တန်းတစ်နေရာမှ KIA တပ်ဖွဲ့ဝင်များကိုတွေ့ရစဉ်။ (ပုံဟောင်းဖြစ်သည်)

သင့်ထင်မြင်ချက်ရေးပေးပါ