ကချင်လွတ်မြောက်ရေးတပ် (KIA) နှင့် စစ်ကောင်စီတပ်တို့ ယမန်နေ့ နံနက်က  လက်နက်ကြီး အပြန်အလှန်ပစ်ခတ်ခဲ့ပြီး မိုးမောက် – လွယ်ဂျယ်ကားလမ်းမကို စစ်ကောင်စီတပ်က ဖြတ်သန်းသွားလာခွင့် ပိတ်ခဲ့ကြောင်း သိရသည်။

စိန်လုံကျေးရွာအထက်ဘက် ဗျင်ဝိုင်ကျေးရွာရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်က ဖြတ်သန်းသွားလာခွင့် ပိတ်ပင်ခဲ့ခြင်းဖြစ်သည်ဟု စိန်လုံဒေသခံ အမျိုးသားတစ်ဦးက The 74 Media ကို ပြောသည်။

“မနေ့ မနက်က တိုက်ပွဲရယ်လို့တော့မဟုတ်ဘူး ဒါပေမဲ့ပစ်ခတ်ကြတာ အသံထွက်တာ။ သေနတ်ပစ်တာတွေ တော့ရှိတယ်။ အဲဒါနဲ့ရွာသူရွာသားတွေက လွယ်ဂျယ်ထွက်ဖို့စီစဉ်တဲ့ရွာသူရွာသားတွေကို ပြန်ခေါက်ခိုင်းတယ် အဲဒါနဲ့မသွားဖြစ်ဘူးဖြစ်နေတာ” ဟုဆိုသည်။

မိုးမောက်မြို့အထွက် ကျောက်စခန်းကျေးရွာရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်က ဖြတ်သန်းခွင့်ပြုသော်လည်း ဗျင်ဝိုင်ကျေးရွာအနီးရှိ ဂိတ်တွင်ပိတ်ထားသောကြောင့် ကုန်ကားနှင့် ခရီးသည်ကားများ ပိတ်မိနေကြောင်း အခြားဒေသခံအမျိုးသားတစ်ဦးကဆိုသည်။

“ဂိတ်ပိတ်တာအခု ဒီနေ့မနက်ထိပိတ်တုန်းပဲ။ အခုမဖွင့်သေးဘူး။ မိုးမောက်အထွက် ကျောက်စခန်းရွာက ဂိတ်ကတော့ ဖွင့်ပေးတယ်။ စိန်လုံဂိတ်မှာကမနေ့ကတည်းကနေမဖွင့်ပေးတော့ အဲဒီမှာကားတွေတန်းစီပြီး ဒုက္ခရောက်နေတယ်” ဟုဆိုသည်။

စိန်လုံတောင်ပေါ်ရှိ စစ်ကောင်စီဗျူဟာကုန်းမှ ကချင်လွတ်မြောက်ရေးတပ် (KIA) ရှိရာသို့ ယမန်နေ့ နံနက်ပိုင်းက လက်နက်ကြီးပစ်ခတ်ခဲ့ပြီးနောက် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

စိန်လုံတောင်အနီးတစ်ဝိုက်ရှိကျေးရွာမှဒေသခံများ စစ်ဘေးရှောင်ရန် လွယ်ဂျယ်မြို့သို့သွားသည့်လမ်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖြတ်သန်းခွင့်မပြုသောကြောင့် နီးစပ်ရာတောတောင်များသို့တိမ်းရှောင်နေရကြောင်း သိရသည်။

မြစ်ကြီးနား – ဗန်းမော်လမ်းတစ်လျှောက်ရှိ စစ်ကောင်စီတပ်စခန်းများကို ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်က စတင်ကထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည့် ပြီးခဲ့သည့် မတ်လ ၇ ရက်နေ့မှစတင်ကာ ဗန်းမော်နှင့် မိုးမောက်ရှိ စစ်ကောင်စီတပ်စခန်းများမှ နေ့စဉ်လက်နက်ကြီးများဖြင့်ပစ်ခတ်လျက်ရှိကြောင်း သိရသည်။

သတင်း – Thu Ta

ပုံ – မိုးမောက် – လွယ်ဂျယ်လမ်းတစ်နေရာရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ် (ပုံဟောင်းဖြစ်သည်)

သင့်ထင်မြင်ချက်ရေးပေးပါ