ဗန်းမော်

စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားသည့် ဗန်းမော်မြို့၊ ရောဘတ်စစ်ရှောင်စခန်းမှ အမျိုးသား ၁၄ ဦး ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း သိရသည်။

စစ်ရှောင်စခန်းမှ ၁၇ ဦးကို ဖမ်းဆီးခဲ့ပြီး ပြန်လည်လွတ်မြောက်ရန်ကျန်ရှိနေသည့် ၁၄ ဦးကို ယမန်နေ့ညနေ လေးနာရီခွဲက ပြန်လည်လွတ်ပေးခဲ့သည်ဟု ဖမ်းဆီးခံခဲ့ရသူတစ်ဦးက The 74 Media ကိုပြောသည်။

“မနေ့ညနေက အကုန်လွတ်ပြန်လွတ်ပါပြီ၊ PCG တာဝန်ခံနဲ့ အသင်းတော်က ဆရာတွေသွားပြီး အာမခံနဲ့ ပြန်လွတ်ပေးခဲ့တာပါ။ မေးစရာရှိတာမေးပြီးတော့ ပြန်လွတ်ပေးခဲ့တာ၊ အခုလိုမြို့နယ်လုံခြုံရေးအရ ပူးပေါင်းပေးတဲ့အတွက် ကျေးဇူးပါဆိုပြီးပြောတယ်” ဟုပြောသည်။

စစ်ရှောင်ပြည်သူ ၁၇ ဦးကို ပြီးခဲ့သည့် မတ်လ ၁၀ ရက်နေ့ လာရောက်ဖမ်းဆီးသွားခြင်းဖြစ်ပြီး ဘာသာရေးဆရာတစ်ဦး၊ ကျောင်းသားတစ်ဦးနှင့် AZG ဝန်ထမ်းတစ်ဦးကို ငါးရက်အတွင်း ပြန်လွတ်ပေးခဲ့သည်။

ဖမ်းဆီးခံရသူများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ရိုက်နှက်ခြင်းမရှိဘဲ ဖမ်းဆီးထိန်းသိမ်းထားခဲ့ကြောင်း ရောဘတ်စစ်ရှောင်စခန်းနေ အမျိုးသားတစ်ဦးက ပြောသည်။

“အကုန်လုံးလွတ်လာပြီ၊ ရိုက်နှက်တာတွေတော့ မရှိပါဘူး၊ အဓိကကတော့ စစ်သားဟုတ်၊ မဟုတ်မေးတာပေါ့” ဟုပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးခံခဲ့ရသူများကို လူမှုကွန်ရက်စာမျက်နှာများတွင် နိုင်ငံရေးနှင့်ပတ်သက်သည့် ပြောဆိုရေးသားခြင်းများ မပြုလုပ်ရန် စစ်ကောင်စီတပ်က သတိပေးခဲ့ကြောင်း ဖမ်းဆီးခံခဲ့ရသူတစ်ဦးက ဆက်ပြောသည်။

“သူတို့(စစ်ကောင်စီ) က ဖုန်းလည်း ယူစစ်တယ်။ ဖုန်းထဲမှာလည်း တော်လှန်ရေးနဲ့ ပတ်သက်တာတွေ မထည့်ထားဖို့၊ ပြန်လည်မျှဝေတာတွေ မလုပ်ဖို့ပြောတယ်။ ပြီးရင် စခန်းသိမ်းတဲ့သတင်းတွေ အခုသူတို့ခေါင်းဆောင် မင်းအောင်လှိုင်ကို သရော်တဲ့ရုပ်သံတွေ မထည့်ထားဖို့ ပြောလိုက်တယ်” ဟုပြောသည်။

လက်ရှိအချိန်တွင် ဗန်းမော်မြို့ရှိ စစ်ကောင်စီ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စ.က.ခ) ၂၁ တွင် ဖမ်းဆီးချုပ်နှောင်ခံထားရသည့် အမျိုးသား ၈၀ ဦးထက်မနည်းရှိကြောင်း သိရသည်။

စစ်ကောင်စီတပ်က ပြီးခဲ့သည့် မတ်လ ၈ ရက်နေ့ကလည်း ဗန်းမော်မြို့ရှိ မြစ်ဆုံဟိုတယ်ပိုင်ရှင် ဇနီးမောင်နှံနှစ်ဦးနှင့် ဝန်ထမ်းငါးဦးကို ဖမ်းဆီးသွားခဲ့ပြီးနောက် ရောဘတ်စစ်ရှောင်စခန်းတွင် နေထိုင်သည့် ဟိုတယ်ဝန်ထမ်း အမျိုးသားနှစ်ဦးနှင့် ပိုင်ရှင်ဇနီးမောင်နှံနှစ်ဦးကို ပြန်လည်လွတ်ပေးခဲ့သည်။

သတင်း – Pan Soon

သင့်ထင်မြင်ချက်ရေးပေးပါ