ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်ဖွဲ့က ဆွမ်ပရာဘွမ်မြို့အတွင်း တစ်ခုတည်းကျန်သော စစ်ကောင်စီတပ်စခန်းကို အပြီးသတ်သိမ်းပိုက်နိုင်ရန် ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်ကောင်စီတပ်ကလည်း‌ လေကြောင်း ပစ်ကူများဖြင့် ခုခံနေကြောင်း သိရသည်။

ရဲစခန်းနှင့် ဌာနဆိုင်ရာရုံးများကို ပြီးခဲ့သည့် မတ်လ ၁၆ ရက်နေ့က တိုက်ခိုက်သိမ်းပိုက်ပြီးနောက် KIA ပူးပေါင်းတပ်က မြို့အတွင်း ဝင်ရောက်နေရာယူထားပြီး စစ်ရေးတင်းမာလျက်ရှိကြောင်း ရှေ့တန်းသတင်းရင်းမြစ်တစ်ဦးက The 74 Media ကိုပြောသည်။

“မြို့အတွင်းက (စစ်ကောင်စီတပ်ဖွဲ့ဝင်)တော့ အကုန်ပြေးသွားလို့ မြို့ကိုတော့ဝင်နိုင်ပြီ။ ရဲစခန်းကဟာတွေတော့ သေနတ်တွေ၊ ကျည်ဆန်တွေ အကုန်ထားပြီးထွက်ပြေးသွားတာ။ ပြေးတဲ့သူကပြေး၊ အလင်းဝင်တဲ့သူက ဝင်လုပ်နေတဲ့အချိန် ရဲအုပ်တစ်ယောက်က မပြေးဘဲနဲ့ လေကြောင်းပစ်ကူတွေ၊ စစ်ကူတွေ တောင်းနေတာ သေသွားတယ်လေ။ စခန်းကုန်းတစ်ခုကျန်သေးတယ်” ဟုပြောသည်။

လက်နက်မချသော ရဲအုပ်နေလင်းဟိန်းဆိုသူမှာ ပြီးခဲ့သည့် မတ်လ ၁၄ ရက်နေ့ည အပြန်အလှန်ပစ်ခတ်ချိန်တွင် သေဆုံးခဲ့ခြင်းဖြစ်သည်။

ဆွမ်ပရာဘွမ်မြို့ပေါ်တွင် ကျန်ရှိနေသော စစ်ကောင်စီတပ်စခန်းမှာ ပူတာအိုအခြေစိုက် ခြေလျင်တပ်ရင်း (ခ.လ.ရ – ၄၆) လက်အောက်ခံတပ်စခန်းဖြစ်ပြီး အင်အား ၅၀ ခန့်ရှိကာ တိုက်ပွဲပြင်းထန်နေကြောင်း မြေပြင်သတင်းရင်းမြစ် အခြားတစ်ဦးကပြောသည်။

“အခြေအနေကတော့ မထူးသေးဘူး တိုက်နေတုန်းပဲ ချနေတုန်းပဲ။ မြို့နဲ့ ရဲစခန်းကရပြီ ရဲစခန်းအပေါ် တောင်ကုန်းမှာရှိတဲ့ စစ်တပ်ကုန်းတစ်ကုန်းပဲလိုတာ။ အဲ့စခန်းမှာက ခ.လ.ရ ၄၆ ကအဖွဲ့တွေပဲ။ အခုလေကြောင်းလာနေတယ်” ဟုပြောသည်။

တိုက်ပွဲဖြစ်ပွားနေသည့် ဆွမ်ပရာဘွမ်မြို့သို့ စစ်ကောင်စီတပ်က ယနေ့နံနက် ၁၀ နာရီခန့်က ကင်းထောက်လေယောဉ်တစ်စီးရောက်ရှိလာပြီးနောက် မွန်းလွှဲ ၂ နာရီခွဲခန့်မှစတင်ကာ တိုက်လေယာဉ်ဖြင့် ဆယ်ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း မြေပြင်သတင်းရင်းမြစ်များ၏ ပြောပြချက်အရ သိရသည်။

တိုက်ပွဲပြင်းထန်နေသည့် ဆွမ်ပရာဘွမ်မြို့သို့ စစ်ကူလာသော စစ်ကောင်စီတပ်နှင့် ခေါင်လန်ဖူး ဌာနေပြည်သူ့စစ် ပူးပေါင်းစစ်ကြောင်းလည်း ပူတာအိုမြို့နယ်၊ ဆွမ်ပီယန်ကျေးရွာအနီးတွင် ကြားဖြတ်တိုက်ခိုက်ခံခဲ့ရကြောင်း သိရသည်။

ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်က ဆွမ်ပရာဘွမ်မြို့နယ်၊ မလိယန်စစ်ကောင်စီစခန်းကိုလည်း ပြီးခဲ့သည့် မတ်လ ၉ ရက်နေ့တွင် သွားရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

သတင်း – May

သင့်ထင်မြင်ချက်ရေးပေးပါ