မိုးကောင်းမြို့နယ်၊ နမ္မတီးမြို့နေ ဘာသာရေးဆရာတစ်ဦးကို အမည်မသိလက်နက်ကိုင် အမျိုးသားသုံးဦးက ယနေ့ မွန်းတည့် ၁၂ နာရီခန့်တွင် လာရောက်ပစ်သတ်သွားကြောင်း သိရသည်။

လမ်းခွကျေးရွာ၊ ညောင်ပင်ရပ်ကွက်၊ နေအိမ်ရှေ့ရှိ ကွန်ပျူတာဆိုင်သို့ အမျိုးသားသုံးဦးက ဆိုင်ကယ်တစ်စီးဖြင့် ရောက်ရှိလာပြီး သေနတ်ငါးချက်ထက်မနည်းပစ်ခတ်သွားသည်ဟု ဒေသခံအမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“ကျွန်တော်တို့သွားကြည့်တော့ ကွန်ပျူတာဆိုင်အထဲမှာ သွေးအိုင်တွေနဲ့ ခန္ဓာကိုယ်ကိုတော့ မကြည့်ဖြစ်တော့ဘူး။ ဆေးရုံကိုသွားပို့တော့ ဆရာဝန်ကြီးလည်းမရှိတော့ ဆရာမတွေစမ်းကြည့်ရင် လူနာကသေနေပြီလို့ပြောတယ်။ မိသားစုဝင်တွေပြောတာက အနီးကပ်လာပစ်သွားတယ်တဲ့။ ဘာကြောင့်ဘယ်လိုပစ်သတ်ခံရတာတော့မသိဘူး” ဟုပြောသည်။

ပစ်ခတ်သတ်ဖြတ်ခံရသည့် အသက် ၄၇ နှစ်ခန့်အရွယ်ရှိ ဘာသာရေးဆရာ ဦးနမ်မြဲခွန်ဂျော်လီမှာ ဦးခေါင်းငယ်ထိပ်နှင့် နောက်စေ့တို့တွင် ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း ဆွေမျိုးနီးစပ်သူတစ်ဦးက ပြောသည်။

“အခုလေးတင်ဖြစ်တာတဲ့ ဖုန်းဝင်လာတာ။ သူ့ကွန်ပျူတာခန်းထဲကို လူနှစ်ယောက်ဝင်လာပြီး ဝင်ပစ်သွားတာတဲ့။ ခေါင်းမှာ သုံးချက်ထိပြီး အခုအလောင်းက နမ္မတီးရင်ခွဲရုံမှာတဲ့” ဟုပြောသည်။

ပစ်ခတ်သတ်ဖြတ်ခံရသည့် လမ်းခွကျေးရွာ ကချင်နှစ်ခြင်းအသင်းတော် (KBC) မှ ဆရာနမ်မြဲခွန်ဂျော်လီအတွက် လူမှုကွန်ရက်စာမျက်နှာများတွင် ဝမ်းနည်းပူဆွေးကြောင်း ရေးသားဖြန့်ဝေထားသည့် ပိုစ့်များကိုလည်းတွေ့ရသည်။

ပစ်ခတ်သတ်ဖြတ်ခံရသည့် အကြောင်းအရင်းနှင့် လာရောက်ပစ်ခတ်သွားသူများကို မသိရှိရသေးပါ။

ကချင်ပြည်နယ်တွင် မတ်လဆန်းပိုင်းမှစတင်ကာ တိုက်ပွဲများပိုမိုပြင်းထန်လာပြီး ဒေသခံပြည်သူများကို ဖမ်းဆီးမှု၊ နေအိမ်များကို မီးရှို့ဖျက်ဆီးမှုများနှင့် လုပ်ကြံသတ်ဖြတ်မှုများ မကြာခဏဖြစ်ပေါ်နေသည်။

သတင်း – Doi Awng, Zami

ဓါတ်ပုံ – ပေးပို့

#edit: ဆရာနမ်မြဲခွန်ဂျော်လီသည် KBC မှ အမှုတော်ဆောင်ဟောင်းတစ်ဦးဖြစ်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ