ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ကြား တစ်လခန့်ကြာတိုက်ပွဲဖြစ်ပွားခဲ့သည့် ဖားကန့်မြို့နယ်၊ တာမခန်ကျေးရွာတွင် နေအိမ်လေးရာခန့်မီးလောင်ပျက်စီးခဲ့ပြီး ဒေသခံပြည်သူများက ရှင်းလင်းရေးလုပ်ဆောင်နေပြီဖြစ်ကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားနေချိန် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည့် တာမခန်ကျေးရွာဒေသခံပြည်သူ တစ်သောင်းခန့်က ယမန်နေ့ မတ်လ ၁၇ ရက်နေ့က နေရပ်သို့ပြန်လည်ဝင်ရောက် နေထိုင်ကြပြီဟု အသက် ၅၂ နှစ်ခန့်အရွယ်ရှိ ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။

“စစ်ကောင်စီက စစ်ကြောင်းထိုးလာလို့ တိုက်ပွဲကပိုအရှိန်မြင့်သွားတာပေါ့။ ရွာထဲတိုက်ပွဲဖြစ်တော့ ထွက်ပြေးခဲ့ရတာ ဘာမှယူချိန်မရခဲ့ဘူး။ စခန်းသိမ်းလိုက်ပြီဆိုကတည်းက ဝမ်းသာတာပေါ့ ရွာထဲနေလို့ရပြီလေ။ ကိုယ့်အိမ်ကိုယ့်ရာမှာ ပဲနေချင်တယ်။ အခုရွာကလူတွေ အားလုံးနီးပါး ပြန်လာနေကြပြီ” ဟုပြောသည်။

ကျေးရွာအတွင်း နေအိမ်လေးရာခန့်၊ ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းများ မီးလောင်ပျက်စီးခဲ့ပြီး လက်ရှိအချိန်တွင် ရှင်းလင်းရေးများလုပ်ဆောင်နေကြောင်း နေအိမ်မီးလောင်ဆုံးရှုံးခဲ့ရသည့် ဒေသခံတစ်ဦးက ပြောသည်။

“သန့်ရှင်းရေးကတော့ တော်တော်လုပ်ယူနေရတယ်။ ရွာထဲနေလို့ရပြီဆိုတာက သက်ဆိုင်ရာလူကြီးတွေရဲ့ ခွင့်ပြုချက်ကြောင့်ပြန်လာကြတာဟုတ်တယ်။ မိုင်း နဲ့လူသေအလောင်းတွေတွေ့ခဲ့ရင် သူတို့ကို အကြောင်းကြားပေးဖို့ ပြောထားတယ်။ အခုက ဘဝက အစကနေပြန်စရသလိုဖြစ်သွားတာပေါ့။ အိမ်လည်း မီးလောင်သွားပြီဆိုတော့လေ” ဟုပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှစတင်ကာ တာမခံကျေးရွာရှိ စစ်ကောင်စီခြေမြန်တပ်ရင်း ခ.မ.ရ (၁၁၉) ကို ကချင်လွတ်မြောက်ရေးတပ် (KIA)နှင့် (KPDF) ပူးပေါင်းတပ်တို့က တိုက်ခိုက်ခဲ့ပြီး မတ်လ ၈ ရက်နေ့တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါတပ်စခန်းမှ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုလည်း ဖမ်းဆီးရခဲ့ပြီး စစ်ကူလာသည့် စစ်ကြောင်းများ ဝင်ရောက်နေထိုင်သည့် ဖားကန့်မြို့၊ နန့်မှော်ကျေးရွာရှိ ကသိုဏ်တောင် စစ်ကောင်စီတပ်စခန်းကိုလည်း ပြီးခဲ့သ်ည့ မတ်လ ၁၀ ရက်နေ့က KIA ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

သတင်း – Pe Ti

သင့်ထင်မြင်ချက်ရေးပေးပါ