လျှပ်စစ်မီးကြိုးဖြတ်ကာခိုးယူမှု မကြာခဏဖြစ်ပွားလေ့ရှိသော ဖားကန့်မြို့၊ လုံးခင်းကျေးရွာရှိ ဒေသခံပြည်သူများက ကိုယ်ထူကိုယ်ထကာကွယ်မှုများပြုလုပ်နေရကြောင်း သိရသည်။

ဖားကန့်မြို့တွင် တိုက်ပွဲကြောင့် တစ်လခန့်ကြာ လျှပ်စစ်မီးပြတ်တောက်ခဲ့ရာ နေရာအချို့တွင် မီးကြိုးများ ဖြတ်ကာခိုးယူခံခဲ့ရသဖြင့် မိမိအစီအစဉ်ဖြင့်မိမိ ပြုလုပ်ထားခြင်းဖြစ်သည်ဟု လုံးခင်းကျေးရွာတွင်နေထိုင်သည့် အသက် ၂၅ နှစ်အရွယ် ဒေသခံအမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“လုံးခင်း၊ မှော်စီစာ၊ မှော်ရှန်ဘက် မီးကြိုးအခိုးခံရတာပိုများတယ်။ ဆေးသမားတွေက အဲ့ဒီထရန်စဖော်မာ နားမှာပဲနေကြတယ်။ မီးမလာတော့ သူတို့စိတ်ကြိုက်ကို ဖြုတ်တော့တာ။ အခုတော့အကုန်မောင်းထုတ်ထားပြီ ဒီကောင်တွေ ယူလို့မရအောင်လည်း နည်းမျိုးစုံနဲ့ကာထားတယ်” ဟုသူကပြောသည်။

ပြီးခဲ့သည့် မတ်လ ၁၀ ရက်နေ့မှစတင်ကာ ဖားကန့်မြို့တွင် လျှပ်စစ်မီးပုံမှန်အတိုင်းပြန်လည်ရရှိနေပြီဖြစ်သည်။

မူးယစ်ဆေးသုံးစွဲသူများက မကြာခဏမီးကြိုးဖြတ်ကာ ခိုးယူလေ့ရှိသဖြင့် ရပ်ကွက်နေပြည်သူအချိုက ပါဝင်လှူဒါန်းကာပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ကျောက်အရောင်းအဝယ်ပြုလုပ်နေသူတစ်ဦးကပြောသည်။

“သူခိုးက ပစ္စည်းမရရအောင် အကုန်ဖျက်ပြီးခိုးတော့ပြင်ရင်အကုန်လုံးလိုက်ပြန်ပြင်ရတာ။ အဲ့ဒါကြောင့် အခုလို လုပ်လိုက်ရခြင်းဖြစ်တယ်။ လှူဒါန်းပေးတဲ့သူတွေကိုလည် ကျေးဇူတင်မိတယ်” ဟုသူကပြောသည်။

လျှပ်စစ်ထရမ်စဖော်မာရှိ မီးအဝင်အထွက်ကြိုးများကို သံဇကာများဖြင့်ပတ်ကာ အပေါ်မှတိတ်ဖြင့် လိုက်လံဖုံးအုပ်ထားခဲခြင်းဖြစ်ပြီး ငွေကျပ် ၁၈ သိန်းခန့် ကုန်ကျခဲ့ကြောင်း သိရသည်။

လုံးခင်းအုပ်စု၊ အောင်ရာကျေးရွာတွင်လည်း ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၇ ရက်နေ့ကလည်း လျှပ်စစ်မီးတိုင်မှ မီးကြိုးများ ခိုးယူခံခဲ့ရသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၂ ရက်နေ့က ဖားကန့်မြို၊ ဆိပ်မူကျေးရွာရှိ သင်္ခါလူမှုကူညီ‌ရေးအသင်းရုံးအနီးရှိ ဗိုအား ၂၀၀ ခန့်ရှိ လျှပ်စစ်ထရမ်စဖော်မာမှ မီးကြိုးခိုးယူခဲ့သည့် အမျိုးသားတစ်ဦး ဓာတ်လိုက်သေဆုံးခဲ့သည်။

သတင်း – Pe Ti

သင့်ထင်မြင်ချက်ရေးပေးပါ