ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်က တနိုင်းမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို ယနေ့နံနက် ၅ နာရီအချိန်ခန့်မှစတင်ကာ ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်ကောင်စီတပ်ကလည်း လေကြောင်းတိုက်ခိုက်မှုများပြုလုပ်နေကြောင်း သိရသည်။

တနိုင်းမြို့မှ ၁၀ မိုင်ခန့်အကွာရှိ နမ်ဂေါန်ကျေးရွာ (Namgawn Mare) တွင် အထိုင်ချထားသည့် စစ်ကောင်စီခြေလျင်တပ်ရင်း (ခ.လ.ရ)၂၉၇ စခန်းကို ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်သည်ဟု KIA နှင့်နီးစပ်သည့်သတင်းရင်းမြစ်တစ်ဦးက The 74 Media ကိုပြောသည်။

“ဒီမနက်ကနေတိုက်နေတာ အခုထိလည်းတိုက်နေတုန်းပဲဟုတ်တယ်။ တနိုင်းမြို့အနီးမှာဟုတ်တယ်။ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေများနေပြီလို့ကြားရတယ်။ အခုချိန် တနိုင်းကနေလည်း စစ်ကောင်စီတွေလက်နက်ကြီးနဲ့ပစ်ကူနေတယ်” ဟုပြောသည်။

တိုက်ပွဲပြင်းထန်နေသော နေရာအနီးသို့ စစ်ကောင်စီတိုက်လေယာဉ်နှင်စီးဖြင့် လာရောက်ဗုံးကြဲသွားကြောင်း KIA ရှေ့တန်းသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“အသေးစိတ်တော့မသိရသေးဘူး။ ကျွန်တော်တို့လည်းအခု လေယာဉ်ကို သတိထားနေရတယ်။ တိုက်တာတော့ စခန်းသိမ်းဖို့တိုက်နေတာဟုတ်တယ်။ လေယာဉ်နဲ့က ၉ နာရီခွဲလောက်မှာ တစ်ကြိမ်လာပစ်တယ်။ အခု ၁၁ နာရီ ၁၀ မိနစ်လောက်မှာ ၆ လုံးလောက်ဗုံးလာကြဲသွားတယ်” ဟုပြောသည်။

အဆိုပါတိုက်ပွဲတွင် ကချင်လွတ်မြောက်ရေးတပ် (KIA) တပ်မဟာ (၂)၊ တပ်ရင်း (၁၄)၊ KPDF များနှင့် အခြားတပ်ရင်းများမှပူးပေါင်းပြီးတိုက်ခိုက်နေကြောင်း သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၂၉ ရက်နေ့တွင် တနိုင်းမြို့နယ် ဒရူကျေးရွာရှိ စစ်ကောင်စီခြေလျင်တပ်ရင်း (ခ.လ.ရ ၈၆) တပ်စခန်းကို ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်များ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

သတင်း – Doi Awng

သင့်ထင်မြင်ချက်ရေးပေးပါ