စစ်ကောင်စီတပ်ဖွဲ့ဝင်များက မုံရွာမြို့နယ်၊ သက္ကယ်ကျင်းကျေးရွာကို စစ်ကြောင်းထိုးမီးရှို့ခဲ့သောကြောင့် အိမ်ခြေလေးရာကျော်ခန့်မီးလောင်ပျက်စီးခဲ့ပြီး ဒေသခံလေးဦးကိုလည်း မီးရှို့သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ပျူစောတီးပူးပေါင်းတပ်ဖွဲ့ဝင် အင်အား ၆၀ ခန့်က မုံရွာမြို့နှင့် အနီးကပ်ဆုံးတွင်ရှိသော သက္ကယ်ကျင်းကျေးရွာကို ယမန်နေ့ နှစ်နာရီခန့်က ဝင်ရောက်ကာ ဒေသခံများ၏ ပစ္စည်းဥစ္စများကိုခိုးယူသွားပြီး နေအိမ်များကိုမီးရှို့ခဲ့သည်ဟု 5/ Commando Force တပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦးက The 74 Media ကိုပြောသည်။

“တိုက်ပွဲဖြစ်ပွားခြင်းလုံးဝမရှိပါဘူး အကြာင်းမဲ့သက်သက် ဝင်ရောက်မီးရှို့သွားတာဗျာ။ အရပ်ဝတ်နဲ့‌ရော uniform နဲ့ရော ရွာထဲကိုပစ်ဖောက်ဝင်ရောက်လာပြီး နှစ်နာရီခွဲသုံးနာရီလောက်ကစပြီးတော့ ရွာကိုမီးရှို့သွားတာဗျာ။ သူတို့ ပျူတွေရော ပျူမတွေရော ရဲတွေရော စကစတွေရော တော်တော်စုံပါတယ်ဗျာ။ ဒေသခံတွေရဲ့ ပစ္စည်းတွေလည်း ယူသွားပါတယ် အဝတ်အစားတွေတောင် ချန်မထားဘူး သူတို့ယူပြီးအားရတော့ရွာကိုမီးရှို့ခဲ့တာပေါ့” ဟုပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဒေသခံအမျိုးသမီး သုံးဦးနှင့် အမျိုးသားတစ်ဦး တို့ကိုလည်း မီးရှို့သတ်ဖြတ်ခဲ့ပြီး ဒေသခံများအများအပြားကိုလည်း ဓားစားခံအဖြင့် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သူကဆက်ပြောသည်။

“ရွာကိုမီးရှို့သွားတဲ့အပြင် ဒေသခံတွေကိုလည်း ဓားစားခံအဖြင့် ဖမ်းစီးသွားပါတယ်။ အဲ့နေရာမှာ သက်ကြီးရွယ်အိုတွေပါမယ် ကလေးတွေလည်း တချို့ပါနိုင်တယ်။ နို့တိုက်မိခင်တွေဆို ကလေးတွေကို ဘုန်းကြီးကျောင်းမှာတွေထားခဲ့ခိုင်းပြီး ခေါ်သွားပါတယ်၊ အခုထိလည်း သူတို့(ဖမ်းဆီးခံရသူများ)နဲ့လည်း အဆက်အသွယ်မရသေးဘူး၊ ပြန်လွတ်ပေးခြင်းမျိုးလည်းမရှိသေးဘူး။ ဒေသခံ အမျိုးသမီးသုံးယောက်နဲ့ အမျိုးသားတစ်ယောက်ကိုလည်း မီးရှို့ပြီးသတ်သွားတယ်” ဟုပြောသည်။

ဒေသခံများသည် လက်ရှိအချိန်ထိ နေရပ်ပြန်နိုင်ခြင်းမရှိဘဲ နီးစပ်ရာကျေးရွာများနှင့် ဘုန်းကြီးကျောင်းများတွင် စစ်ဘေးရှောင်နေကြရကြောင်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

“ဒေသခံတွေကတော့ အခုလောလောဆယ်ထိတော့ တစ်ယောက်မှရွာထဲမဝင်သေးဘူး၊ ရှောင်နေရတုန်းပဲ ကိုယ်နဲ့မိတ်ဆွေရှိတဲ့ရွာတွေ ပြီးတော့ သက္ကယ်ကျင်းနဲ့ခပ်လှမ်းလှမ်းရွာတွေပေါ့ အဲ့လိုတွေပတ်ရှောင်နေကြရတယ်။ သူတို့(စစ်ကောင်စီ)တွေ လူလည်းသတ်သွားတယ်ဆိုတော့ ဝင်လည်းမဝင်ရဲဘူး။ အခုကမုံရွာမြို့နဲ့နီးတော့ စစ်ကြောင်းတွေလည်း ဖြတ်ဖို့ခက်တယ်” ဟုပြောသည်။

ဒေသခံများနေရပ်ပြန်ဝင်နိုင်ခြင်းမရှိသေးသောကြောင့် ကျေးရွာရှင်းလင်းရေးလုပ်ငန်းများလည်း လုပ်ဆောင်နိုင်ခြင်းမရှိသေးကြောင်းသိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက မုံရွာမြို့နှင့် နီးသောကျေးများကို အကြောင်းမဲ့မီးရှို့ဖျက်ဆီးနေခြင်းသည် မြို့သိမ်းတိုက်ပွဲဖြစ်လာမည်ကို စိုးရိမ်နေခြင်းကြောင့် ဖြစ်သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၇ ရက်နေ့ကာစ မတ်လ ၁ ရက်နေ့အထိ ဘူးတောင်းကျေးရွာ၊ တဲကုန်းကျေးရွာ၊ ကံပြားကျေးရွာ၊ ပေကုန်းကျေးရွာနှင့် ခိုးသန်းကျေးရွာတို့ကို ဆက်တိုက်မီးရှို့ခဲ့သောကြောင့် နေအိမ် အလုံးလေးရာကျော်ခန့် မီးလောင်ပျက်စီးသွားခဲ့ကြောင်းသိရသည်။

သတင်း – Dureng

ဓါတ်ပုံ – 5/ Commando Force တပ်ဖွဲ့ fb Page

သင့်ထင်မြင်ချက်ရေးပေးပါ