ဝိုင်းမော်မြို့နယ် မိုင်းနားကျေးရွာတွင် ယနေ့ မွန်းလွှဲ ၁ နာရီခန့်က ယာဉ်တိုက်မှုကြောင့် ကားပေါ်မှပြုတ်ကျသည့် ပြည်သူခုနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တစ်ဦး ဒဏ်ရာပြင်းထန်ကြောင်း သိရသည်။

သဲကျောက်ကားနှင့်တိုက်မိသည့် ထင်းသယ်ထားသည့်တုန်ဟုန်းကား တိမ်းမှောက်ခဲ့ပြီး အဆိုပါကားတွင် လိုက်ပါစီးနင်းသည့် အသက် ၂ နှစ်ခန့်အရွယ် ကလေးတစ်ဦးအပါအဝင် အမျိုးသမီးခြောက်ဦးနှင့် အမျိုးသားတစ်ဦး ကားပေါ်မှပြုတ်ကျခဲ့သည်ဟု မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ မြစ်ကြီးနားမှ တာဝန်ရှိသူတစ်ဦးက The 74 Media ကိုပြောသည်။

“မျက်နှာချင်းဆိုင်တိုက်တာဟုတ်တယ်။ လမ်းကြောယူမှားလို့ထင်တယ်။ တုန်ဟုန်းကားက မှောက်သွားတော့ ဆီတွေယိုနေတာတော့တွေ့ရတယ်။ ကားမောင်းတဲ့နှစ်ယောက်က ဘာမှမဖြစ်ဘူး။ ဒဏ်ရာပြင်းထန်ရရှိသွားတာက အမျိုးသားဟုတ်တယ်။ ကျန်တဲ့သူတွေက လက်တွေမှာ ပွန်းပဲ့ဒဏ်ရာလောက်ပဲရသွားတယ်” ဟုပြောသည်။

နံရိုးကျိုးသွားသော အသက် (၂၀) ခန့်အရွယ်ရှိ အမျိုးသားမှာ အခြေအနေစိုးရိမ်ရပြီး မြစ်ကြီးနားပြည်သူ့ဆေးရုံတွင် ခွဲစိတ်ကုသမှုခံယူနေကြောင်း သူကပြောသည်။

ပွန်းပဲ့ဒဏ်ရာရရှိခဲ့သူများကိုလည်း မြစ်ကြီးနားပြည်သူ့ဆေးရုံသို့ပို့ဆောင်ထားကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လ ၅ ရက်နေ့ကလည်း မြစ်ကြီးနားမြို့၊ မြို့သစ်ရပ်ကွက်၊ ယူနန်ဘုံကျောင်းလမ်းဆုံတွင် ကုန်တင်ယာဉ်နှင့် အိမ်စီးကားတစ်စီးယာဉ်တိုက်မှုဖြစ်ပြီး ကုန်တင်ကားမှောက်သွားကြောင်း သိရသည်။

ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၏ထုတ်ပြန်ချက်အရ ကချင်ပြည်နယ်တွင် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်အတွင်း ယာဉ်တိုက်မှု ၁၈၀ မှု၊ ဒဏ်ရာရရှိမှု ၁၉၈ မှုနှင့် သေဆုံးမှု ၁၂၇ မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

သတင်း – Doi Awng

ဓါတ်ပုံ – မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့/ကချင်ပြည်နယ်/ မြစ်ကြီးနား

သင့်ထင်မြင်ချက်ရေးပေးပါ