ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့အနီးရှိ ဘွမ်ရယ်ဘွမ် (Bumre Bum) စစ်ကောင်စီတပ်စခန်းကို ယနေ့နေ့လယ် တစ်နာရီခွဲခန့်တွင် ကချင်လွတ်မြောက်ရေးတပ် (KIA) က တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်မ (၈၈) တပ်မမှူးဦးစီးသည့် ဘွမ်ရယ်ဘွမ်တပ်စခန်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထွက်ပြေးသွားပြီးနောက် စခန်းကိုဝင်ရောက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်ဟု ရှေ့တန်းသတင်းရင်းမြစ်တစ်ဦးက The 74 Media ကို ပြောသည်။

“ခယာတို့ ကာကင်းတွေတို့ အဲဒီအနီးအနားက တပ်စခန်းတွေကကောင်တွေပြေးပြီး အမှန်အကန် ခံစစ်လုပ်ပြီး ဘွမ်ရယ်မှာလာစုနေတာ။ နောက်ဆုံးဒီနေ့တော့မခံနိုင်လို့ ထွက်ပြေးသွားတာ။ အခုလေးတင်ပဲ သူတို့လူတွေ မရှိတော့ဘူးဆိုတော့ လေယာဉ်နဲ့စခန်းထဲကို ဂျက်ဖိုက်တာနဲ့လာပစ်နေတယ်” ဟုဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက နားလုံကျေးရွာဘက်သို့ ထွက်ပြေးသွားခဲ့ပြီး KIA တပ်ဖွဲ့ဝင်များက နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေကြောင်း ယုံကြည်ထိုက်သည့် KIA သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“အဲဒီမှာအထိုင်ချထားတဲ့ တပ်မ (၈၈) တပ်မမှူးက မနေ့တစ်နေ့ကတည်းက ထွက်ပြေးသွားပြီ။ အခုပစ္စည်းတွေ သိမ်းနေတုန်း၊ အခုထိ ရှင်းလင်းရေးလုပ်နေတုန်းပဲ။ သူတို့ ထွက်ပြေးသွားလည်း အခုကျွန်တော်တို့ တောင်မြင့်တဲ့နေရာက ဒီစခန်းကို ရထားပြီဆိုတော့ သူတို့အတွက်မလုံခြုံတော့ဘူး၊ လမ်းမှာစောင့်ကြိုပြီး တိုက်ရုံပေါ့” ဟုပြောသည်။

ဘွမ်ရယ်ဘွမ် (Bumre Bum) စစ်ကောင်စီတပ်စခန်းသည် မြစ်ကြီးနား – ဗန်းမော်လမ်းမှ လိုင်ဇာမြို့သို့ဝင်သည့် လမ်းဟောင်းအနီးရှိ နားလုံကျေးရွာအထက် တောင်ပေါ်တွင်တည်ရှိသည့်စခန်းဖြစ်ကြောင်း သိရသည်။

ကချင်လွတ်မြောက်ရေး (KIA) တပ်က လိုင်ဇာမြို့အနီးရှိ စစ်ကောင်စီတပ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည့် မတ်လ ၇ ရက်နေ့က စပြီး ဘွမ်ရယ်ဘွမ် (Bumre Bum) ကို တိုက်ခိုက်ခဲ့ပြီး တစ်ပတ်ခန့်အကြာတွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

ဗန်းမော် – မြစ်ကြီးနား ကားလမ်းမကြီးတစ်လျှောက် လိုင်ဇာမြို့အနီးရှိ နွမ်လန့် (Numlang)၊ ကုန်းလော (Kunglaw)၊ ခယာဘွမ် (Hkaya Bum)၊ ဘွမ်ရယ်ဘွမ် (Bumre Bum) တစ်ကြောရှိ စစ်ကောင်စီတပ်စခန်းများကို ကချင်လွတ်မြောက်ရေးတပ် KIA ပူးပေါင်းအဖွဲ့က ပြီးခဲ့သည့် မတ်လ ၇ ရက်နေ့မှစတင်ကာ တစ်ပြိုင်နက်တည်း ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း – Thu Ta, Pan Soon

ပုံ –  တိုက်ခိုက်သိမ်းပိုက်ထားသည့် ဘွမ်ရယ်ဘွမ်စစ်ကောင်စီတပ်စခန်း

သင့်ထင်မြင်ချက်ရေးပေးပါ