တိုက်ပွဲပြင်းထန်နေသော ဆွမ်ပရာဘွမ်မြို့ပေါ်တွင် စစ်ကောင်စီတပ်က ယမန်နေ့ညနေမှ ယနေ့ နံနက်အထိ တိုက်လေယာဉ်ဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်နေကြောင်းသိရသည်။

စစ်ကောင်စီစခန်းကုန်း၏ အရှေ့ဘက်အခြမ်းကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေခြင်းဖြစ်ပြီး မြို့အပေါ်တွင်လည်း လေယာဉ်ဝဲနေကြောင်း မြို့ခံအမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“အခုလာပြီ ပစ်နေပြီ။ ကျွန်တော်တို့နဲ့လည်း အရမ်းနီးတယ်။ ဘယ်ဘက်ကတက်လာတာလဲတော့ မသိဘူး။ အကြီးအကျယ်ဖြစ်နေပြီ အခုချိန်က သေနတ်သံတောင် မကြားရတော့ဘူး။ အရမ်းမြင့်တဲ့နေရာကနေပစ်တာ တစ်စီးလား၊ နှစ်စီးလားမပြောတတ်ဘူး။ အဆက်မပြတ် အပေါ်မှာရှိနေတယ်” ဟုပြောသည်။

ဆွမ်ပရာဘွမ်မြို့ကို စစ်ကောင်စီတပ်က လေကြောင်းမှ ယမန်နေ့ ညနေ သုံးနာရီခွဲခန့်တွင် နှစ်ကြိမ်၊ ယနေ့ နံနက် ဆယ်နာရီခန့်မှ လက်ရှိအချိန်ထိ ခုနှစ်ကြိမ်ထက်မနည်းလာရောက်ပစ်ခတ်သွားပြီး The 74 Media က ဖုန်းဖြင့်ဆက်သွယ်မေးမြန်းနေချိန်တွင်လည်း လေယာဉ်သံများကြားနေရသည်။

လာရောက်ပစ်ခတ်သည့် လေယာဉ်အမျိုးအစားကိုမသိရှိကြောင်းနှင့် ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်ပျက်စီးမှုရှိ၊ မရှိကိုလည်း မသိရသေးကြောင်း မြို့ခံအခြားအမျိုးသားတစ်ဦးက ပြောသည်။

“လေယာဉ်ဖြတ်ဖြတ်ပြီးတော့ ပစ်သွားတာ။ ဗုံးကြဲလေယာဉ်ပဲထင်တယ် မြေပြင်ကနေ လှမ်းကြည့်တာမတွေ့ရဘူး အသံပဲကြားရတာ အသံကျယ်တဲ့ဟာမျိုးဟုတ်တယ်။ တိုက်ပွဲလည်း ဆက်တိုက်ကိုဖြစ်နေတာ။ လူနေအိမ်တွေဘာတွေထိခိုက်သွားရရှိ၊ မရှိတော့ မသိရသေးဘူး အခုဒေသခံတွေကမြို့ကနေရှောင်နေတာ” ဟုပြောသည်။

ဒေသခံပြည်သူများမှာ ယမန်နေ့မှစတင်ကာ ခဂရန်းယန်ကျေးရွာ၊ မိုင်ထောင်ကျေးရွာ၊ ဘွမ်ဝမ်ကျေးရွာနှင့် အနီးအနားရှိကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေကြကြောင်း သိရသည်။

ဆွမ်ပရာဘွမ်မြို့ရှိ စစ်ကောင်စီ ခြေလျင်တပ်ရင်း (ခ.လ.ရ) ၄၆ မှ တပ်ဖွဲ့ဝင်များတပ်စွဲထားသည့် စခန်းကို ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်က ယမန်နေ့မှစတင်ကာ ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းဖြစ်ပြီး လက်ရှိအချိန်ထိ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ကြောင်း ရှေ့တန်းရောက် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

“စခန်းတော့မသိမ်းနိုင်သေးဘူး အခုဆက်တိုက်နေတယ်။ မနေ့ကတိုက်ပွဲစဖြစ်တဲ့ ၁၂ ခွဲလောက်ကနေ သုံးနာရီလောက်ထိတော့ လက်နက်ကြီးတွေပဲပစ်ပေးတာ မနေ့ညလည်း ရှစ်နာရီလောက်ထိတိုက်ပွဲဖြစ်တာ” ဟုပြောသည်။

ပြီးခဲ့သည့် မတ်လ ၉ ရက်နေ့တွင်လည်း ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်က ဆွမ်ပရာဘွမ်မြို့နယ်၊ မလိယန်စစ်ကောင်စီစခန်းကို သွားရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် ဆွမ်ပရာဘွမ်မြို့မရဲစခန်းမှ စခန်းမှူးအပါအဝင် ရဲတပ်ဖွဲ့ဝင် ၁၃ ဦးလက်နက်ချ အလင်းဝင်ခဲ့သည်။

ထိုနေ့တွင် ပူတာအိုမြို့မှ ဆွမ်ပရာဘွမ်မြို့သို့ စစ်ကူလာသည့် စစ်ကောင်စီယာဉ်တန်းကို ဝဒတ်ကျေးရွာအနီးတွင် ကချင်လွတ်မြောက်ရေးတပ် (KIA)က စောင့်ကြိုတိုက်ခိုက်ရာ စစ်ကောင်စီကားတစ်စီး မီးလောင်ပျက်စီးခဲ့သည်။

သတင်း – May၊ Doi Awng

ဓါတ်ပုံ – ပုံဟောင်းဖြစ်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ