ဗန်းမော်မြို့မှအခြားမြို့များသို့သွားရောက်မည့် လေကြောင်းခရီးစဉ်များကို ယနေ့မှစပြီးပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ့အမျိုးသားလေကြောင်းလိုင်းမှ လေယာဉ်နှစ်စင်း ယနေ့ထွက်ခွာမည်ဖြစ်ပြီး နောက်ထပ်ပြေးဆွဲမည့် လေယာဉ်ခရီးစဉ်များမှာ အခြေနေပေါ်မူတည်သည်ဟု လေယာဉ်လက်မှတ်အရောင်းကိုယ်စားလှယ်တစ်ဦးက The 74 Media ကိုပြောသည်။

“ဗန်းမော်လေယာဉ်ကလေအခုလောလောဆယ်တော့ဘာမှမပြောသေးဘူး ၁၅ ရက်နေ့နောက်ပိုင်းကတော့ ဘယ်လိုလာမလဲမသိသေးဘူး။ အခုကတော့ယာထားတာပေါ့။ အခြေနေအမျိုးမျိုးရှိသေးတယ်ဆိုတော့” ဟုပြောသည်။

ဗန်းမော်လေကြောင်းခရီးစဉ်များ အရေးပေါ်ယာယီရပ်နားခဲ့သောကြောင့် ခရီးစဉ်ပယ်ဖျက်ဖြစ်သွားသည့် ခရီးသည်များကိုလည်း ယနေ့အစားထိုးပြေးဆွဲပေးသွားမည်ဖြစ်သည်ဟု ဗန်းမော်မြို့ရှိ လေယာဉ်လက်မှတ်အရောင်းကိုယ်စားလှယ် အခြားတစ်ဦးကပြောသည်။

“လေယာဉ်ကတော့ ခရီးစဉ်ကတော့ဖွင့်ပြီ လေယာဉ်ပြေးမယ်။ လက်မှတ်ကတော့ မရှိတော့ဘူးပေါ့နော်။ ခုံလွတ်တာမရှိတော့ဘူး။ အရင် Flight Cancel ဖြစ်ထားတဲ့ဟာတွေကိုတော့ အစားပြန်ပေးတယ်ပေါ့နော်။ ဒီကြားထဲလည်း Flight Cancel က မကြားဘူးဆိုတော့ ပြေးမယ်လို့ထင်တာပဲ” ဟုဆိုသည်။

ဗန်းမော်လေဆိပ်သို့ တစ်ပတ်လျှင်တစ်ရက်သာ လေကြောင်းခရီးစဉ်ရှိပြီး မတ်လ ၁၅ ရက်နေ့အတွက် မန္တလေး – ဗန်းမော် – မြစ်ကြီးနား ခရီးစဉ်များပြေးဆွဲသွားမည်ဖြစ်ကြောင်းသိရသည်။

ပြီးခဲ့သည့် မတ်လ ၇ ရက်နေ့က ဗန်းမော်မြို့လေယာဉ်ကွင်း ရှော့ခ်တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခံခဲ့ရပြီး ပြေးလမ်းထိခိုက်ခဲ့သောကြောင့် လေကြောင်းခရီးစဉ်များအားလုံးကို ထိုနေ့မှစတင်ကာ ယာယီရပ်နားခဲ့ခြင်း ဖြစ်သည်။

အလားတူ ပြီးခဲ့သည့် မတ်လ ၉ ရက်နေ့ကလည်း ကချင်ပြည်နယ်အတွင်း တိုက်ပွဲများကြောင့် မြစ်ကြီးနားမြို့လေဆိပ်မှလေကြောင်းခရီးစဉ်များအားလုံးကို ပယ်ဖျက်ပြီး အရေးပေါ်ပိတ်ထားခဲ့သည်။

သတင်း – Thu Ta

သင့်ထင်မြင်ချက်ရေးပေးပါ