စစ်ကောင်စီတပ်က ၁၀ နှစ်ကျော်ကြာ တပ်စွဲနေထိုင်နေသည့် ဖားကန့်မြို့နယ်၊ နမ့်မှော်ကျေးရွာရှိ တန် ၃၀၀၀ စခန်းမှ တပ်ဖွဲ့ဝင်များ ထွက်ပြေးသွားသောကြောင့် ကချင်လွတ်မြောက်ရေးတပ် (KIA) က စခန်းကို မီးရှို့ဖျက်ဆီးကာ သိမ်းပိုက်လိုက်ကြောင်းသိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပြီးခဲ့သည့် မတ်လ ၁၂ ရက်နေ့ ညသန်းခေါင်ယံအချိန်တွင် ထွက်ပြေးသွားသဖြင့် KIA တပ်ဖွဲ့ဝင်များက စခန်းကို မီးရှို့ဖျက်ဆီးခဲ့ပြီး ကျန်ခဲ့သည့် လက်နက်ခဲယမ်းများကိုလည်း သိမ်းဆည်းရမိခဲ့သည်ဟု KIA သတင်းရင်းမြစ် တစ်ဦးက The 74 Media ကို ပြောသည်။

“သူတို့ဘက်ကတော့ ညသန်းခေါင်မှာထွက်ပြေးသွားကြလို့ ကျွန်တော်တို့ဘက်ကတော့ နောက်နေ့မနက် အစောပိုင်းမှာ ဒရုန်းလွတ် အတည်ပြုသွားကြည့်ပြီးမှ ရင်း ၆ တပ်ပေါင်းစုတွေက ၁၀ နာရီမှာ စခန်းထဲဝင်တာ။ စခန်းကိုမီးရှို့ဖျက်ဆီးလိုက်ပြီး လက်နက်ခဲယမ်းတွေလည်း အများကြီးထားခဲ့ပြီးပြေးကြတာ” ဟု ပြောသည်။

လက်နက်ခဲယမ်းများအပြင် အိမ်စီးကားလေးစီးကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း KIA တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

“ကားလေးစီးလည်းကျန်ခဲ့ကြတယ်တဲ့။ လက်နက်တွေလည်း အများကြီးချန်ခဲ့ကြတယ်တဲ့။ ကိုယ်လွတ်ပြေးကြတဲ့သဘောပေါ့” ဟုပြောသည်။

ဆိပ်မူရဲစခန်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များကလည်း ပြီးခဲ့သည့် မတ်လ ၁၃ ရက်နေ့ ညပိုင်းက ထွက်ပြေးသွားပြီးဖြစ်ကြောင်း KIA တပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

“သွားတိုက်တာတော့ မဟုတ်ပါဘူး၊ သေနတ်သံတောင် မထွက်ဘူး။ PDF တွေ စစ်တပ်ထဲကသူတွေကို အပြင်မထွက်ဖို့ သတိပေးတာဟုတ်တယ်။ ဆိပ်မူရဲစခန်းက ရဲတွေလည်း ထွက်သွားပြီ၊ မရှိတော့ဘူး” ဟုပြောသည်။

ပြီးခဲ့သည့် မတ်လ ၉ ရက်နေ့တွင် KIA ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ခဲ့သည့် တာမခန်အခြေစိုက် ခြေမြန်တပ်ရင်း (ခ.မ.ရ) ၁၁၉ စခန်းကုန်းမှ လက်နက်များစွန့်ပစ်ကာ ထွက်ပြေးသွားခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ပြီးခဲ့သည့် ၁၂ ရက်နေ့က မှော်ရှန်ရွာအဝင်တွင် ဗိုလ်မှူးတစ်ဦးအပါအဝင် နှစ်ဦးသေဆုံးပြီး ၁၄ ဦးကို ဖမ်းဆီးရမိခဲ့သည်။

ဖားကန်မြို့နယ်တွင် ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းမှစတင်ကာ ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ပြီး KIA က စစ်ကောင်စီတပ်စခန်း ခြောက်ခုထက်မနည်းကို သိမ်းပိုက်ထားခဲ့သည်။

သတင်း – Zami, Pe Ti

သင့်ထင်မြင်ချက်ရေးပေးပါ