စစ်ကောင်စီတပ်ဖွဲ့ဝင်များ စစ်ဆေးနေသည့်အတွက် ဆိုင်ကယ်ပြန်လှည့်မောင်းသွားသည့် အမျိုးသားတစ်ဦး ယမန်နေ့ မွန်းလွှဲ ၃ နာရီခန့်က မြစ်ကြီးနားမြို့၊ နန်းကွေ့ကျေးရွာတွင် သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရကြောင်း သိရသည်။

ဆိုင်ကယ်တစ်စီးဖြင့် အမျိုးသားသုံးဦးက လုပ်ငန်းခွင်မှ နေအိမ်သို့ပြန်ချိန် နန်းကွေ့ကျေးရွာရှိ JZ resort လမ်းဆုံတွင် စစ်ဆေးမှုပြုလုပ်နေသည်ကို တွေ့ရှိသောကြောင့် ပြန်လှည့်ချိန် ပစ်ခတ်ခံရကာ ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု လူမှုကူညီရေးအသင်းမှ အသင်းဝင်တစ်ဦးက The 74 Media ကိုပြောသည်။

“နန်းကွေ့ချောင်းဆုံဘက်က အလုပ်ကနေပြန်လာတာတဲ့။ အဲ့လမ်းမှာ JZ လမ်းဆုံမှာ လူတစ်ယောက် ထွက်လာတော့ ပစ်ခံရတဲ့တစ်ယောက်က ဟိုမှာစစ်နေတယ် ပြန်ခေါက် ပြန်ခေါက်ပြောလို့ ပြန်ခေါက်တဲ့အချိန် ပစ်လိုက်တာတဲ့။ ပြောတဲ့တစ်ယောက် အလယ်က ကောင်ထိသွားတာ” ဟုပြောသည်။

ခါးတွင် ကျည်ထိမှန်ဒဏ်ရာရရှိခဲ့သော အသက် (၃၀) ကျော်ခန့်အရွယ် အမျိုးသားကို မြစ်ကြီးနားပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ထားပြီး အသက်အန္တရာယ် မစိုးရိမ်ရကြောင်းသိရသည်။

အဆိုပါအခင်းဖြစ်ပွားခဲ့သောနေရာတွင် စစ်ဆေးဂိတ်ဆောက်လုပ်ထားခြင်းမရှိသော်လည်း မကြာခဏ လမ်းသွားလမ်းလာပြည်သူများကို စစ်ဆေးမှုများ ပြုလုပ်လေ့ရှိကြောင်း အသက် ၂၇ နှစ်ခန့်အရွယ်ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

“အခုနောက်ပိုင်းအရမ်းစစ်တာ။ ခြံသွား၊ လယ်သွားအကုန်လုံးကို အရမ်းစစ်တာ။ ရွာသားတွေသွားလည်း စစ်တယ်။ သူတို့တွေက အဲ့နေရာမှာ ယူနီဖောင်းဝတ်တယ်။ တစ်ခါတစ်လေ မဝတ်ဘဲထွက်လာတက်ကြတယ်။ အဲ့နေရာက ဂိတ်လည်းမဟုတ်ပေမဲ့ ခုနောက်ပိုင်းအရမ်းစစ်တယ်” ဟုပြောသည်။

မြစ်ကြီးနားမြို့ပြင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်အနီးတွင် ယခုရက်ပိုင်းစစ်ကောင်စီတပ်ဖွဲ့ဝင်များ ကင်ပုန်းချထားလေ့ရှိပြီး ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၆ ရက်နေ့ကလည်း မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက်ရှိ အမျိုးသားအားကစားကွင်း ဒေသအခေါ် နောင်ရာပါကွင်းတွင် လူစုထိုင်နေသည့် လူငယ်လေးဦးထက်မနည်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားခဲ့သည်။

သတင်း – Zami

ပုံစာ – ပစ်ခတ်ခံရသော အမျိုးသားကိုတွေ့ရစဉ်။(ပုံ – လူမှုကူညီရေးအသင်း)

 

သင့်ထင်မြင်ချက်ရေးပေးပါ