တိုက်ပွဲပြင်းထန်ခဲ့သည့် ကနီမြို့ကို တော်လှန်ရေးပူးပေါင်းတပ်က တပ်ဆုပ်ခဲ့ရပြီး စစ်ကောင်စီတပ်က လေကြောင်းသုံးတိုက်ခိုက်မှုကြောင့် မြို့ ၇၀ ရာခိုင်နှုန်းခန့် ပျက်စီးသွားပြီဖြစ်ကြောင်း သိရသည်။

တော်လှန်ရေးပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ ၁၁ ရက်ကြာ တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် ပြီးခဲ့သည့် မတ်လ ၁၂ ရက်နေ့ လက်နက်ခဲယမ်းများ ကုန်သွားသောကြောင့် မြို့ပေါ်မှ တပ်ဆုပ်ခဲ့ရခြင်းဖြစ်သည်ဟု တော်လှန်းရေးတပ်ဖွဲ့ဝင်တစ်ဦးက The 74 Media ကိုပြောသည်။

တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ကနီမြို့ပေါ်မှ တပ်ဆုတ်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ လေကြောင်းသုံးတိုက်ခိုက်မှုကြောင့် မြို့လည်း ၇၀ ရာခိုင်းနှုန်းခန့် ပျက်စီးသွားခဲ့ကြောင်းသိရသည်။

“စခန်းကုန်းတစ်ခုကျန်တာကို ခဲယမ်းမီးကျောက် ပြတ်သွားတာရော နောက်ပိုင်းကျတော့ လေကြောင်းတိုက်ခိုက်မှုကလည်း နေ့မလာဘဲ ညလာတာရောဆိုတော့ နောက်ဆုတ်ပေးလိုက်ရတာ။ လေကြောင်းတိုက်ခိုက်မှုတွေလည်း မနည်းဘူးလေ” ဟုပြောသည်။

တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း စစ်ကောင်စီတပ်က လေကြောင်းမှ အကြိမ်ရေငါးဆယ်ထက်မနည်း လာရောက်ပစ်ခတ်ခဲ့သဖြင့် မြို့ပျက်စီးခဲ့ရပြီး လက်ရှိအချိန်တွင် ကနီမြို့ကို စစ်ကောင်စီတပ်က ပြန်လည်ထိန်းချုပ်ထားပြီဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

“လေယာဉ်အကြိမ်ရေကနည်းတာမှတ်လို့ လေးဆယ်ကျော်ငါးဆယ်လောက်ရောက်သွားတာ လေယာဉ်အကြိမ်ပေါင်းများစွာ အဲ့လောက်ပစ်မှတော့ပျက်ပြီပေါ့။ Y12 တွေလာရင် ပေါင်ငါးရာဗုံးတွေ သုံးတာတွေ့ရတယ်။ အခု ကိုယ့်ဘက်က အဲ့ဘက်မှာမရှိတော့ဘူးဆိုတော့ သူတို့(စစ်ကောင်စီ)တွေ အပြည့်အဝထိန်းချုပ်ထားနိုင်ပြီလို့ပြောလို့ရတာပေါ့” ဟုပြောသည်။

တိုက်ပွဲဖြစ်ပွားခဲ့သည့် ၁၁ ရက်အတွင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်း ကျဆုံးခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ထိခိုက်သေဆုံးမှုနှင့် အရှင်ဖမ်းဆီးရမိမှုများလည်းရှိကြောင်း သူကပြောသည်။

စစ်ကောင်စီတပ်က ကနီမြို့မကျရေးအတွက် လေကြောင်းသုံးတိုက်ခိုက်ခြင်းသာမက ပုလဲမြို့နယ်နှင့် ရေဦးမြို့နယ်မှ စစ်ကူများကို ရဟတ်ယာဉ်ဖြင့် ခုနှစ်ကြိမ်ထက်မနည်း ပို့ဆောင်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များထံမှသိရသည်။

တော်လှန်ရေးအင်အားစုများသိမ်းပိုက်ရရှိခဲ့သော ကနီမြို့ပေါ်ရှိ စသင်ကျောင်း၊ ရဲစခန်း၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင့် ဘုရားကုန်းတို့တွင်လည်း စစ်ကောင်စီတပ်က ပြန်လည်တပ်စွဲထားပြီး ယနေ့ နံနက် ၁၁ နာရီခန့်ကလည်း တဇယ်ချောင်းကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ကနီမြို့သည် ယင်းမာပင်ခရိုင်အတွင်းတည်ရှိပြီး မင်းကင်းမြို့နယ်ရှိ ပျူစောထီးတပ်ဖွဲ့ဝင်များကို လက်နက်ခဲယမ်းနှင့် ရိက္ခာများပို့ဆောင်ရာတွင် အဓိကအသုံးပြုသောလမ်းတွင်တည်ရှိသောကြောင့်  စစ်ရေးအရ အလွန်အရေးပါသောမြို့ဖြစ်ကြောင်းသိရသည်။

သတင်း – Dureng

သင့်ထင်မြင်ချက်ရေးပေးပါ