ဆွမ်ပရာဘွမ်မြို့ရှိ စစ်ကောင်စီတပ်စခန်းကို ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်က ယနေ့ နေ့လယ် ၁၂ နာရီခွဲခန့်မှစတင်ကာ ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း သိရသည်။

စစ်ကောင်စီ ခြေလျင်တပ်ရင်း (ခ.လ.ရ) ၄၆  မှ တပ်ဖွဲ့ဝင်များ တပ်စွဲထားသည့်စခန်းကို တိုက်ခိုက်နေခြင်းဖြစ်ကြောင်း ဆွမ်ပရာဘွမ်ဒေသခံအမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“မြို့ပေါ်မှာတိုက်ခိုက်နေပြီ။ KIA ဘက်ကသိမ်းဖို့ အခြေအနေဟုတ်တယ်။ အခုတိုက်နေတဲ့အဲ့စခန်းက မြို့တွင်းနဲ့ သုံးဖာလုံလောက်ပဲဝေးတဲ့ အထက်မှာဟုတ်တယ်။ ကျွန်တော်တို့က အခုမြို့နဲ့ဝေးတဲ့နေရာမှာ စစ်ရှောင်နေရတယ်။ အခုတောင်အရေးကြီးလို့ လိုင်းရတဲ့နေရာရောက်နေလို့ ဖုန်းပြောလို့ရနေတာ” ဟုပြောသည်။

လက်ရှိအချိန်ထိ တိုက်ပွဲပြင်းထန်နေပြီး လက်နက်ကြီးသံများလည်း ကြားနေရကြောင်း ဆွမ်ပရာဘွမ်မြို့နှင့် မိုင် ၄၀ ခန့်အကွာရှိ ဆွမ်ပီယန်ကျေးရွာမှ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“အစကတော့ လက်နက်ကြီးသံ စိပ်စိပ်လည်းကြားရတယ်။ အခုတော့ ၃ မိနစ်တစ်ခါလောက် ကြားနေရတယ်။ ဆွမ်ပရာဘွမ်မြို့ကို တိုက်ခိုက်နေတယ်လို့သိရတယ်” ဟုပြောသည်။

တိုက်ပွဲကြောင့် ဆွမ်ပရာဘွမ်မြို့အတွင်း ကျန်ရှိနေသည့် ဒေသခံပြည်သူများမှာလည်း ထွက်ပြေးတိမ်းရှောင်နေကြကြောင်း ဒေသခံများနှင့်နီးစပ်သူ အမျိုးသားတစ်ဦးက ပြောသည်။

“ခဏကဝက်စာကြွေးနေတဲ့အချိန် လက်နက်ကြီးသံကြားလာလို့လန့်သွားတာတဲ့။ အခုတော့ အိမ်စောင့်နေတဲ့ တစ်ယောက်မကျန်ဘေးလွတ်ရာကို ထွက်ပြေးနေရတယ်လို့ပြောတယ်” ဟုပြောသည်။

ပြီးခဲ့သည့် မတ်လ ၉ ရက်နေ့တွင်လည်း ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်က ဆွမ်ပရာဘွမ်မြို့နယ်၊ မလိယန်စစ်ကောင်စီစခန်းကို သွားရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် ဆွမ်ပရာဘွမ်မြို့မရဲစခန်းမှ စခန်းမှူးအပါအဝင် ရဲတပ်ဖွဲ့ဝင် ၁၃ ဦးလက်နက်ချ အလင်းဝင်ခဲ့သည်။

ထိုနေ့တွင် ပူတာအိုမြို့မှ ဆွမ်ပရာဘွမ်မြို့သို့ စစ်ကူလာသည့် စစ်ကောင်စီယာဉ်တန်းကို ဝဒတ်ကျေးရွာအနီးတွင် ကချင်လွတ်မြောက်ရေးတပ် (KIA)က စောင့်ကြိုတိုက်ခိုက်ရာ စစ်ကောင်စီကားတစ်စီး မီးလောင်ပျက်စီးခဲ့သည်။

သတင်း – Doi Awng

သင့်ထင်မြင်ချက်ရေးပေးပါ