ဖားကန့်မြို့နယ်၊ ထွယ်ဆန်ယန်ကျေးရွာနှင့် ကောင်ရာရွာတွင် အထိုင်ချနေရာယူထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ ယနေ့နံနက် ၁၀ နာရီခန့်မှစတင်ကာ ကာမိုင်းမြို့အဝင်အထွက်လမ်းများကို ဖြတ်သန်းသွားလာခွင့်ပိတ်ထားခဲ့ကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားလာမည်ကို စိုးရိမ်သည့်ကာမိုင်းမြို့ခံများက ဘေးလွတ်ရာသို့ တိမ်းရှောင်နေသောကြောင့် စစ်ကောင်စီတပ်နှင့် လက်အောက်ခံပြည်သူ့စစ်တပ်ဖွဲ့များက မြို့အဝင်အထွက်လမ်းများကို ပိတ်ထားသည်ဟု ကာမိုင်းမြို့နေ လူငယ်တစ်ဦးက The 74 Media ကိုပြောသည်။

“တချို့တော့ ပိတ်မိနေတာပေါ့ အခုက ဝင်လို့လည်းမရ၊ ထွက်လို့လည်း မရတဲ့ အခြေအနေဖြစ်နေပြီ။ မြို့အဝင်အထွက်လည်း အကုန်ပိတ်သွားပြီ။ ဒီမနက်က စောစောထွက်တဲ့သူတော့ မြို့ထဲက ထွက်လာနိုင်တယ်။ ရှောင်ထွက်တဲ့သူအရမ်းများလာတော့ ချက်ချင်း လမ်းပိတ်လိုက်တာ။ ရှင်းရှင်းပြောရရင် ကာဗာလုပ်ချင်လို့ ပိတ်တဲ့အနေအထားပါ” ဟု ပြောသည်။

ထွယ်ဆန်ယန်ကျေးရွာရှိ ဘုန်းကြီးကျောင်း၊ ကောင်ရာကျေးရွာရှိ မူလတန်းကျောင်းနှင့် လဝါးကျေးရွာမှ ကာမိုင်းမြို့အဝင် လမ်းသုံးခွလမ်းဆုံတွင် စစ်ကောင်စီတပ်နှင့် လက်အောက်ခံပြည်သူ့စစ်တပ်ဖွဲ့ဝင်များက အထိုင်ချနေရာယူထားကြောင်း ကာမိုင်းမြို့နေ အခြားတစ်ဦးက ပြောသည်။

“သူတို့ (စစ်ကောင်စီတပ်) ဂိတ်ထိုးထားတဲ့နေရာ အနီးအနားကနေအိမ်တွေမှာနေပြီး ကာဗာလုပ်နေကြတယ်။ အဓိကတော့ တိုက်ပွဲဖြစ်လာမှာ စိုးရိမ်ကြလို့ပါ၊ ဒီစစ်တပ်ကလူဖမ်းတယ်၊ ရိုက်နှက်တယ်၊ နေအိမ်မီးရှို့တယ်ဆိုတာ အရင်ကဖြစ်စဉ်တွေရှိခဲ့ဖူးတော့ အဲဒီလိုမျိုးဖြစ်လာမှာကို ကြောက်လို့ ကြိုတင်ရှောင်နေကြတာပါ” ဟု ပြောသည်။

ကားမိုင်းမြို့နေပြည်သူများနှင့် ထွယ်ဆန်ယန်ကျေးရွာ၊ နန့်စီအင်ကျေးရွာ၊ ကောင်ရာကျေးရွာရှိ ဒေသခံပြည်သူများ တိုက်ပွဲဖြစ်ပွားလာမည်ကို စိုးရိမ်သောကြောင့် ပြီးခဲ့သည့် မတ်လ ၁၂ ရက်နေ့ကစပြီး ထွက်ပြေးတိမ်းရှောင်နေကြခြင်းဖြစ်ကြောင်း ဒေသခံများထံမှသိရသည်။

ဖားကန့်မြို့နယ်တွင် ကချင်လွတ်မြောက်ရေးတပ် (KIA) တပ်မဟာ (၉) နှင့် စစ်ကောင်စီတပ်တို့ကြား ယခုနှစ် ဇန်နဝါရီလမှစပြီး တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေပြီး စစ်ကောင်စီတပ်စခန်း ခြောက်ခုထက်မနည်းကို KIA က တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

သတင်း – Pan Soon

သင့်ထင်မြင်ချက်ရေးပေးပါ