ကချင်ပြည်နယ်အဝင် နန့်စီးအောင်စစ်ဆေးရေးဂိတ်တွင် မွေ့ရာအတွင်းကွယ်ဝှက်သယ်ဆောင်လာသည့် ကျပ်သိန်း ၁၅၀၀ ခန့်တန်ဖိုးရှိသော ဘိန်းဖြူများဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးအဖွဲ့(CCDAC Myanmar) ၏ ထုတ်ပြန်ချက်အရသိရသည်။

မန္တလေးမြို့မှ မြစ်ကြီးနားသို့ မောင်းနှင်လာသည့် ခရီးသည်တင်မော်တော်ယာဉ်တွင် ပြီးခဲ့သည့် မတ်လ ၁၁ ရက်နေ့က မွေ့ရာအတွင်း ဆပ်ပြာခွက်များဖြင့်သယ်ဆောင်လာသည့် ဘိန်းဖြူအလေးချိန် ၅.၉၄ ကီလိုကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သယ်ဆောင်လာသည့် ခရီးသည် ဦးယုံဒတ်နှင့် မဇင်မျိုးနွယ်တို့ကိုလည်း လက်ကိုင်ဖုန်း ၂ လုံးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး မိုးညှင်းမြို့မရဲစခန်းတွင် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ကလည်း မိုးညှင်းမြို့နယ်၊ နန့်စီးအောင်စစ်ဆေးရေးဂိတ်တွင် ဘိန်းစိမ်း ၆ ကီလိုခန့်သယ်ဆောင်လာသည့် အမျိုးသမီးနှစ်ဦးကို ဖမ်းဆီးရမိခဲ့သည်။

စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံအနှံမူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲမှုများ ပိုများလာပြီး လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာသူများတွင် မူးယစ်ဆေးဝါး ရောင်းဝယ်၊ သုံးစွဲသူမှုများဖြင့် အကျဉ်းကျနေသူအများဆုံးပါဝင်နေကြောင်း သတင်းများအရ သိရသည်။

သတင်း – Nann

ဓါတ်ပုံ – CCDAC Myanmar

သင့်ထင်မြင်ချက်ရေးပေးပါ