တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လက်နက်ကြီးရမ်းသမ်းပစ်ခတ်ခဲ့သောကြောင့် ယမန်နေ့ ညနေ လေးနာရီခွဲခန့်က ယင်းမာပင်မြို့နယ်၊ စည်လှော်ကျေးရွာမှ ဒေသခံ လေးဦး သေဆုံးပြီး ၂၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ရွှေတောင်ဦး အောင်ဇေယျတပ်ကုန်းမှ ရမ်းသမ်းပစ်ခတ်သည့် လက်နက်ကြီးများ ကျရောက်ပေါက်ကွဲခဲ့သောကြောင့် ဒေသခံပြည်သူများ ထိခိုက်သေဆုံးခဲ့ခြင်းဖြစ်သည်ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။

“အကျိုးကုန်း(အောင်ဇေယျတပ်ကုန်း)ကနေ အနောက်ဘက်ကိုလှမ်းထုတာ စည်လှောင်ရွာကို သွားကျတာလေ။ အိမ်ပေါ်ကိုတည့်တည့်ကျတာ။ အဲ့မှာလေးယောက်ကတော့ ပွဲချင်းပြီးသေသွားတယ်။ ထိခိုက်ဒဏ်ရာရတဲ့သူတွေလည်းများတယ်။ သူတို့(ဒဏ်ရာရရှိသူများ)ရဲ့အခြေနေကတော့ အခုအတည်ပြုလို့မရသေးဘူး” ဟုပြောသည်။

လက်နက်ကြီးပစ်ခတ်ခဲ့သော စစ်ကောင်စီတပ်၏ရွှေတောင်ဦး အောင်ဇေယျတပ်ကုန်းနှင့် စည်လှော်ကျေးရွာမှာ ခြောက်မိုင်ခန့်ကွာဝေးကြောင်း သိရသည်။

အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ယမန်နေ့က မုံရွာမြို့ရှိ အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နမခ) မှ ကားလေးစီးဖြင့် ရောက်ရှိလာသူများဖြစ်ပြီး ကျေးရွာအတွင်း ၁၂၀ မမ လက်နက်ကြီးငါးလုံး ကျရောက်ပေါက်ခဲ့ကြောင်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

“စစ်ကားလေးစီးနဲ့ ချင်းတွင်းတံတားကို ဖြတ်ကူးလာပြီးတော့ ကွေ့ချောင်းရွာနားအရောက်မှာ ခြေလျှင်ဆင်းလျှောက်ပြီး ရွှေတောင်ဦး ခြေပြတ်၊ လက်ပြတ်တွေထားတဲ့ အောင်ဇေယျတပ်ကုန်းကနေ အနောက်ဘက်ကိုလက်နက်ကြီးတွေရမ်းသမ်းပစ်လို့ ပေါက်ကွဲခဲ့တာ” ဟုပြောသည်။

သေဆုံးသူများမှာ အသက် ၅၈ နှစ်ခန့်အရွယ် ဒေါ်ရွှေမီ၊ အသက် ၆၃ ခန့်အရွယ် ဒေါ်မြသန်း၊ အသက် ၅၀ နှစ်ခန့်အရွယ် ဒေါ်ဌေးမြင့်နှင့် အသက် ၇၈ နှစ်ခန့်အရွယ် ဦးဖိုးရှင်ဆိုသူတို့ဖြစ်ကြပြီး ယမန်နေ့ညက သင်္ဂြိုဟ်လိုက်ပြီဖြစ်ကြောင်းသိရသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့ကလည်း ရွှေတောင်ဦး အောင်ဇေယျတပ်ကုန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ လက်နက်ကြီးများရမ်းသမ်းပစ်ခတ်ခဲ့သောကြောင့် သံပိုကျေးရွာမှ ဒေသခံအမျိုးသမီးသုံးဦးသေဆုံးခဲ့သည်။

သတင်း – Dureng

ဓါတ်ပုံ – ယင်းမာပင်မြို့နယ် သတင်းမှန်ပြန်ကြားရေး FB page

သင့်ထင်မြင်ချက်ရေးပေးပါ