ကချင်ပြည်နယ် မိုးမောက်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို ယနေ့နံနက် ၇ နာရီခွဲခန့်တွင် ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြားသေဆုံးခဲ့ကြောင်း သိရသည်။

မြစ်ကြီးနား – ဗန်းမော်လမ်း ကျွန်းတောကျေးရွာအနီးရှိ စစ်ကောင်စီအင်အား ၂၀၀ ခန့်ရှိသော ခြေလျင်တပ်ရင်း (ခ.လ.ရ) ၂၃၇ ဒါဆိုင်း (Da Sai) တပ်စခန်းကိုသိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း KIA ရှေ့တန်းသတင်းရင်းမြစ်တစ်ဦးက The 74 Media ကိုပြောသည်။

“အခုကသိမ်းပိုက်ရရှိတဲ့ လက်နက်ခဲယမ်းတွေသိမ်းနေတာဟုတ်တယ်။ စခန်းကို ဝင်လာတဲ့အချိန် စခန်းကြီးမှာသေနေတာနဲ့ ဒဏ်ရာရနေတာတွေ ၄၀ ကျော်တွေ့ရတယ်တဲ့။ တခြားမတွေ့သေးတဲ့နေရာတွေမှာ အများကြီးရှိဦးမှာ ဖမ်းဆီးခံရတာလည်းအများကြီးဟုတ်တယ်” ဟုပြောသည်။

မတ်လ ၇ ရက်နေ့မှစတင် တိုက်ခိုက်နေခြင်းဖြစ်ပြီး စစ်ရေးဗျူဟာအရ အရေးကြီးသောစခန်းဖြစ်ကြောင်း အခြား KIA သတင်းရင်းမြစ်တစ်ဦးကပြောသည်။

“ကျွန်တော်တို့ ထိုးစစ်ဆင်တဲ့နေ့ကနေ စတိုက်ပြီ ရခါနီးမှာပဲ ဗန်းမော်ဘက်က စစ်ကူ ၁၀၀ ကျော်ပြန်လာလို့ ဆုတ်ပေးလိုက်ရတာ” ဟုပြောသည်။

ဒါဆိုင်း (Da Sai) စခန်းကို ကချင်လွတ်မြောက်ရေးတပ်(KIA) တပ်မဟာ (၅)၊ တပ်မဟာ (၃)၊ တပ်ရင်း (၁၅) ၊ တပ်ရင်း(၁၉)နှင့် တပ်ရင်း (၂၅) တို့ပူးပေါင်းတိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

မြစ်ကြီးနား – ဗန်းမော်လမ်းတစ်လျှောက်တွင် ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး စစ်ကောင်စီတပ်ကလည်း လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်နေကြောင်းသိရသည်။

ဒေါ့ဖုန်းယန်မြို့နယ်ခွဲရှိ စစ်ကောင်စီခြေမြန်တပ်ရင်း (ခ.မ.ရ ၁၄၂) တပ်စခန်းကိုလည်း ပြီးခဲ့သည့် မတ်လ ၈ ရက်နေ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်ဖွဲ့ဝင် ၃၀ ကျော်အလံဖြူထောင်ကာ လက်နက်ချအညံ့ခံခဲ့သည်။

သတင်း – Doi Awng

သင့်ထင်မြင်ချက်ရေးပေးပါ