တိုက်ပွဲတွေကြားပိတ်မိနေသည့် ဝိုင်းမော်မြို့နယ် အောင်မြေ (၂) ကျေးရွာဒေသခံများကို ယနေ့နေ့လယ် ၂ နာရီခန့်တွင် ကယ်ထုတ်နိုင်ပြီဖြစ်ကြောင်း သိရသည်။

ဘာသာရေးအဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများနှင့် ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG တို့၏ အကူအညီဖြင့် အောင်မြေ (၂) ကျေးရွာမှ ပိတ်မိနေသူ ခုနှစ်ရာခန့် လွတ်မြောက်လာပြီဖြစ်ကြောင်း ရပ်မိရပ်ဖတစ်ဦးက The 74 Media ကို ပြောသည်။

“လာကယ်ထုတ်ပေးတဲ့ အဖွဲ့ပေါင်းစုံတွေတော့ ၂ နာရီမှာရောက်လာကြလို့ ကျွန်တော်တို့ ဘုန်းကြီးကျောင်း မှာပိတ်မိနေတဲ့သူတွေအကုန်လုံး ထွက်ခဲ့နိုင်ပြီ။ ဘုန်းကြီးကျောင်းဝင်းကနေ ထွက်လာတာနဲ့ ထွက်ပေါက်မှာ တင်အကြာကြီးစကားပြောလိုက်ရတာတွေရှိတယ်။ လူမျိုး၊ ဘာသာပေါင်းစုံ အကုန်လုံးထွက်လာပြီ အခုတော့ မိုင်းနားမှာရောက်နေကြပြီ” ဟု ပြောသည်။

စစ်ကောင်စီတပ်က လမ်းတစ်လျှောက် မှတ်ပုံတင်စစ်ဆေးမှု၊ ခန္ဓာကိုယ်စစ်ဆေးမှုနှင့် အမျိုးမျိုးစစ်ဆေးခံခဲ့ရ သောကြောင့် သုံးနာရီကျော်ခန့် ကြာခဲ့ရကြောင်း အမျိုးသမီးတစ်ဦးကဆက်ပြောသည်။

“ဘုန်းကြီး‌ကျောင်းအထွက်မှာလည်း သူတို့တွေအဖွဲ့လိုက်ရပ်စောင့်နေလို့ လူကြီးတွေအကြာကြီးစကား‌ပြော လိုက်ရတယ်။ အောင်မြေ(၁) ရောက်ပြန်လည်း လမ်းမှာစစ်ဆေးတာတွေက အရမ်းများတယ်။ မှတ်ပုံတင်စစ် တယ်၊ အိတ်တွေနဲ့ အဝတ်တွေစစ်တယ်၊ အမျိုးသားတွေကိုတော့ ခန္ဓာကိုယ်ပေါ်မှာ အဝတ်တွေဖယ်ပြီး ရင်ဘက်တွေမှာလည်းစစ်ကြတယ်။ သူတို့ မသင်္ကာတဲ့သူတွေကို တခြားမှာရပ်ခိုင်းပြီး သက်သက်စစ်တာတွေ ရှိလည်းရှိတယ်” ဟုပြောသည်။

စစ်ရှောင်ပြည်သူများကို လက်ရှိအချိန် မိုင်းနားကျေးရွာရှိ ကချင်နှစ်ခြင်းအသင်းတော် (KBC)၏ စိုက်ပျိုးမွေးမြူ ရေးခြံတွင် ရောက်ရှိနေပြီဖြစ်ကြောင်းသိရသည်။

ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲပြင်းထန်နေချိန် အောင်မြေ (၂) ကျေးရွာဒေသခံများသည် ၇ ရက်ကြာ ပိတ်မိနေစဉ် လက်နက်ကြီးနှင့် ဒရုန်းပစ်ခတ်မှု ထိမှန်သဖြင့် သက်ကြီးရွယ် အိုအမျိုးသမီး ၃ ဦးထိမှန်သေဆုံး၊ အသက်ရှူကြပ်ကာ အသက် ၇၈ နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦးသေဆုံးခဲ့ရခြင်းနှင့် အမျိုးသားနှစ်ဦး ကျေးရွာတွင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ထိပ်တိုက်တွေ့စဉ် KIA ထောက်ပိုဟု စွတ်စွဲခံရကာ ပစ်သတ်ခံရပြီး အဆိုပါ သေဆုံးသွားသူများ၏ ရုပ်အလောင်းများကို နေအိမ်ခြံဝင်း တွင်သာမြေမြှုပ်ခဲ့ရကြောင်း သိရသည်။

ဝိုင်းမော်မြို့နယ်၊ အောင်မြေ ၂ ကျေးရွာအနီးတွင် ယနေ့ နံနက်ပိုင်းက စစ်ကောင်စီတပ်နှင့် ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရသည်။

သတင်း – Zami

ဓါတ်ပုံ – KBC kachin

သင့်ထင်မြင်ချက်ရေးပေးပါ