စစ်ကောင်စီစစ်ကြောင်း ထိုးလာသောကြောင့် မြစ်ကြီးနားမြို့ပြင်တွင် ယနေ့နံနက် ၉ နာရီခန့်က ကချင်လွတ်မြောက်ရေးတပ် (KIA)နှင့် ထိတွေ့တိုက်ပွဲပြန်လည်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မြစ်ကြီးနား – မိုးကောင်းလမ်းပေါ်ရှိ အကျဲကျေးရွာမှ ဖရောကျေးရွာသို့သွားသောလမ်းတွင် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်တွင်လည်း စစ်ရေးတင်းမာလျက်ရှိကြောင်း KIA နှင့်နီးစပ်သည့်သတင်းရင်းမြစ်တစ်ဦးက The 74 Media ကိုပြောသည်။

“အခုတော့ငြိမ်နေတယ်။ စစ်ကောင်စီဘက်ကဆင်းလာတဲ့အချိန် ကျွန်တော်တို့ဘက်ကလည်း စောင့်နေတဲ့အချိန်ဖြစ်သွားတာ။ နှစ်ဖက်စလုံးဘက်က စောင့်ကြည့်နေဆဲဟုတ်တယ်။ ကျွန်တော်တို့ဘက်ကတော့ သူတို့ပြန်ထိုးလာရင်ပြန်တိုက်ပွဲဖြစ်ဖို့သေချာတယ်” ဟုပြောသည်။

အကျဲကျေးရွာအနီးတွင် ယနေ့နံနက်ပိုင်းက လက်နက်ကြီးသံများကြားခဲ့ရကြောင်း မော်ဖောင်းကျေးရွာဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

“လက်နက်ကြီးသံပြန်ကြားရတယ်။ မနေ့ကတိုက်ပွဲဖြစ်တဲ့နေရာနားမှာပဲဟုတ်တယ်တဲ့။ ဒီဘက်ကနေတော့ လက်နက်ကြီးသံကြားရတယ်။ သေနတ်သံတော့မကြားရဘူး။ နှစ်ဖတ်စလုံးစစ်ရေးလှုပ်ရှားနေတဲ့နေရာဆိုတော့ ပြန်တိုက်ပွဲဖြစ်တာနေမှာ” ဟုပြောသည်။

ထိတွေ့တိုက်ပွဲနှင့် အပြန်အလှန်ပစ်ခတ်မှုများ ဆက်တိုက်ဖြစ်နေသောကြောင့် ဒေသခံပြည်သူများက တိုက်ပွဲဖြစ်ပွားလာမည်ကို စိုးရိမ်နေကြခြင်းဖြစ်သည်။

အဆိုပါကျေးရွာအတွင်းရှိ နေအိမ်များတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ငါးဦးတစ်စုဖြင့် ဝင်ရောက်နေခြင်းဖြစ်ပြီး ဒေသခံပြည်သူများကိုလည်း ထွက်ပြေးတိမ်းရှောင်ပါက ရွာကိုမီးရှို့ဖျက်ဆီးမည်ဟု ခြိမ်းခြောက်ပြောဆိုထားကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

မြစ်ကြီးနားမြို့ရှိ အမှတ် (၅၀၃) နမ့်ပေါင်လေတပ်စခန်းကို ကချင်လွတ်မြောက်ရေးတပ် KIA ပူးပေါင်းတပ်က ရှော့တိုက်ဒုံးဖြင့် မတ်လ ၇ ရက်နေ့က သွားရောက်ပစ်ခတ်ခံရပြီးနောက် အနီးရှိ မောဖောင်းကျေးရွာ အခြေခံပညာမူလတန်းကျောင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝင်ရောက်စခန်းချနေထိုင်နေကြောင်း သိရသည်။

မြစ်ကြီးနားမြို့ပြင်၊ အကျဲကျေးရွာတွင် ယမန်နေ့နံနက်ကလည်း ကျေးရွာအနီးတစ်ဝိုက် စစ်ရေးလှုပ်ရှားမှုပြုလုပ်နေသည့် စစ်ကောင်စီတပ်နှင့် ကချင်လွတ်မြောက်ရေးတပ် (KIA)တို့ကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။

သတင်း – Doi Awng

ပုံ – စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုတွေ့ရစဉ်။ (ပုံဟောင်းဖြစ်သည်)

သင့်ထင်မြင်ချက်ရေးပေးပါ